နေပြည်တော် ၅ အောက်တိုဘာ 

 

ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေးနှုန်းများဖြစ်ပေါ်မှု အခြေအနေများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အခြေခံရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် စသည့် အခြေခံရိက္ခာလိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ကုန်သည်အသင်းအဖွဲ့များ၏ လက်ဝယ်တွင် အခြေခံရိက္ခာများ ပြည့်စုံစွာ ရှိသည့်အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက် သာမက မြန်မာ တစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာပြည့်စုံလုံလောက်စွာ ရှိနေပါကြောင်း။

 

ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှုမရှိစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်များ ဝင်ရောက်သလို ရန်ကုန်တိုင်းဒေသကြီးမှလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကုန်စည်များ ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆိုင်ရာများ များပြားသည့်အတွက် အားနည်းချက်၊ ချို့ယွင်းချက်များရှိသော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်းဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ ကုန်စည်မပြတ် လပ်စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုပါကြောင်းနှင့် ဆောင်ရွက် သင့်သည့်အကြံပြုချက်များကိုလည်း  တင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ မြို့နယ် (၄၄)မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ နေ့စဉ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေသည့်အတွက် မြို့နယ်များရှိ လက်လီဆိုင်များသို့ အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးမှုမှာ အခက်အခဲ မရှိကြောင်းနှင့် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit များဖြင့် လုံလောက်စွာ စစ်ဆေးနိုင်ရေး၊ ကုန်တင်ယာဉ်များ အား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖြတ်သန်းအသုံးပြု ခွင့်ရရှိရေး၊ Test Kit များအား အသုံးပြုပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အစိုးရအချင်းချင်း (G to G) စနစ်ဖြင့် ဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း (B to B) စနစ်ဖြင့် တင်သွင်းနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိဂုံးချုပ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်