၁၈  ဇွန်

 

ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတွင်နေ့စဉ် ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ နေ့စဉ် ကုန်ဈေးနှုန်းများ တည်ငြိမ်မှသာ ရောင်းဝယ်ဖောက်ကား၊ ကူးလူးဆက်သွယ်မှုများ အဆင်ပြေချောမွေ့လာမည်ဖြစ်သည်။ လူမှုဘဝအတွက် ကုန်ဈေးနှုန်းသည် အဓိကကျသည်။ ကုန်ဈေးနှုန်းကို အဓိကထိန်းကျောင်းထားသည်မှာ ကမ္ဘာ့ရွှေဈေး၊ ငွေဈေးဖြစ်သလို ကမ္ဘာ့ရေနံဈေးသည်လည်း ပါဝင်နေသည်။

 

ကမ္ဘာ့ရွှေဈေး၊ ငွေဈေးအတက်၊ အကျသည် ဈေးကွက်ကို အပြောင်းအလဲဖြစ်စေပြီး ယင်းဈေးနှုန်းများ တက်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုဖြစ်စေသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု၊ ဂယက်ရိုက်ခတ်မှုများကြောင့် ကမ္ဘာ့ရွှေဈေး၊ ငွေဈေးသာမက ကမ္ဘာ့ရေနံဈေးနှုန်းများပါ တစ်စတစ်စ မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအကျိုးဆက်များသည် ကမ္ဘာ့နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများနှင့်အတူ ကမ္ဘာ့ပြည်သူများ၏ လူမှုစီးပွားဘဝကိုပါ အနည်းနှင့်အများ ထိခိုက်မှုရှိလာသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးကွက်ကို ထိခိုက်လာနိုင်မည်လောဟု စိုးရိမ်ပူပန်မှုများဖြစ်လာသည်။ ယင်းမတိုင်မီကလည်း အာရပ်စော်ဘွားများ ပြည်ထောင်စုကမ်းလွန်ပင်လယ်ပြင်တွင် မည်သူ့လက်ချက်မှန်းမသိသော တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘောကြီးလေးစင်း ထိခိုက်ပျက်စီးခဲ့ရသည့်အဖြစ်လည်း ဖြစ်ဖူးသည်။ ထိုအရေးတို့ကိုအကြောင်းပြု၍ နိုင်ငံအချင်းချင်းကြား တင်းမာမှုများနှင့် ကမ္ဘာ့ရေနံဈေးကွက် ဂယက်ရိုက်ခတ်မှုများ ဖြစ်လာမည်မှာတော့ သေချာနေသည်။

 

ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်မှုမရှိလျှင် မြန်မာ့ရေနံဈေးကွက်လည်း တည်ငြိမ်မည်မဟုတ်ချေ။ မြန်မာနိုင်ငံသည် သယံဇာတပေါများ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ အလျှံပယ်ထွက်သော်လည်း မြန်မာနိုင်ငံမှထုတ်လုပ်သည့် ရေနံထွက်ပစ္စည်းသည် တစ်ပြည်လုံးသုံးစွဲမှု၏ ခုနစ်ရာ ခိုင်နှုန်းသာ ထုတ်လုပ်နိုင်သည်။ ကျန် ၉၃ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူတင်သွင်း သုံးစွဲနေရသည်။ ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စင်ကာပူမှ အများဆုံးတင်သွင်းလျက်ရှိပြီး စင်ကာပူနိုင်ငံသည် ကမ္ဘာ့ရေနံထွက်နိုင်ငံကြီးများမှ ရေနံစိမ်းများကိုဝယ်ယူပြီး ရေနံချောထုတ်ကာ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းတက်ခြင်း၊ ကျခြင်းသည်ကမ္ဘာ့ရေနံဈေးနှုန်းနှင့် စင်ကာပူဈေးကွက်အပေါ်တွင် မူတည်နေသည်။

 

ထို့အပြင် ပြည်တွင်းရှိ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းအပေါ်တွင်လည်း မူတည်နေပြီး နိုင်ငံခြားငွေဈေးတက်ပါက စက်သုံးဆီဈေးနှုန်းလည်း တက်မည်ဖြစ်သည်။ ငွေကြေးဈေးကွက်သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင်၍ တက်လိုက်၊ ကျလိုက်ဖြစ်နေခဲ့ရာမှ ယခုနှစ်တွင် အကျမရှိဘဲ အတက်ဘက်တွင် ရပ်တည်နေသည်။ အလားတူ စက်သုံးဆီဈေးနှုန်းသည်လည်း ယခုနှစ်တွင် အကျထက် အတက်ဘက်တွင် အားသန်နေသည်။ အကျိုးဆက်မှာ ကုန်ဈေးနှုန်းမှန်မှန်ကြီးမြင့်နေပြီး ပြည်သူများ စားဝတ်နေရေး ကျပ်တည်းလာသည်။

 

ငွေကြေးဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း တက်ခြင်း၊ ကျခြင်းသည် ကမ္ဘာ့ဈေးကွက်အပေါ်တွင် မူတည်နေသည်ဖြစ်သော်လည်း နိုင်ငံအတွင်း တစ်ဆင့်ခံရောင်းဝယ်ဖောက်ကားခြင်း၌ ပြည်သူများ ဝန်ထုပ်ဝန်ပိုး ကြီးကြီးမားမားမဖြစ်စေရေးအတွက် ဈေးကစားခြင်း၊ ပစ္စည်းကစားခြင်း မပြုလုပ်ဘဲ ပြည်သူများအား စေတနာရှေ့ထား၍ အတတ်နိုင်ဆုံးသက်သာစေရန် ဆောင်ရွက်ပေးသင့်သည်။ စက်သုံးဆီဈေးနှုန်း ထိန်းချုပ်ရေးကို သက်ဆိုင်ရာဌာနနှင့် စက်သုံးဆီအဖွဲ့အစည်းတို့က ထိန်းညှိဆောင်ရွက်ပေးသော်လည်း ဈေးကွက်စီးပွားရေးစနစ်အရ ထိန်းချုပ်ရန် မလွယ်ကူလှချေ။

 

သို့ဖြစ်ရာ ပြည်သူများ လူမှုစီးပွားဘဝ ရှင်သန်ရပ်တည်လှုပ်ရှား ဆောင်ရွက်ရာတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် ကြီးမားသော အခက်အခဲဖြစ်ရာ ကမ္ဘာ့ဈေးကွက် မည်သို့ပင် ဂယက်ရိုက်ခတ်သည်ဖြစ်စေ ပြည်သူများအပေါ် အတတ်နိုင်ဆုံး စေတနာရှေ့ထား ဆောင်ရွက်ပေး စေလိုပါကြောင်း။ ။

 

ကြေးမုံ