ကုန်ကြမ်းဈေးနှုန်း မြင့်တက်လာပြီး ကုန်ချောဈေးနှုန်းများ ရပ်တန့်နေသဖြင့် ရက်ကန်းလုပ်ငန်းများ လုပ်ကိုင်သူနည်းပါးလာ

မုံရွာ ၃ မတ် 
    

 

ချည်ထုတ်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသဖြင့် ရက်ကန်းလုပ်ကိုင်သူများ နည်းပါးလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာမှ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။
    

 

ချည်ထုတ်ဈေးနှုန်းအနေဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းမှုသည် ယခင်နှစ်တွင် (၁.၈၅)ပိဿာရှိ ချည်ထုပ်တစ်ထုပ်လျှင် ငွေကျပ် (၂၇ဝဝဝ)ကျပ် ဈေးနှုန်းရှိရာမှ ယခုနှစ်တွင် ငွေကျပ်(၂၉ဝဝဝ)သို့ မြင့်တက်လာကြောင်း၊ ရက်ကန်းငှားရမ်းရက်ခ ဈေးနှုန်းများကို လျော့ချပေးရသဖြင့် ရက်ကန်းသမများလည်း လုပ်ကိုင်မှုနည်းပါးလာကြောင်း သိရသည်။
    

 

''ဟိုအရင်တုန်းကတော့ ရက်ကန်းလုပ်ငန်းက လုပ်ကိုင်ရတာ အဆင်ပြေတယ်၊ အခုကျတော့ ရက်ကန်းပညာတွေက ပြန့်သွားတာလည်းပါတယ်၊ အိန္ဒိယနိုင်ငံက ဝင်တဲ့ ချည်ထုတ်ဈေးနှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် တက်လာပေမယ့် အထည်ဈေးနှုန်းက ပုံမှန်ပဲဖြစ်နေတော့ လုပ်ကိုင်ရတာ အဆင်မပြေကြတော့ တစ်ချို့ဆို တစ်ခြားလုပ်ငန်းတွေ ပြောင်းပြီးလုပ်ကြတယ်၊ ဒီမှာကျတော့ သီးနှံစိုက်ပျိုးရေး လုပ်တဲ့သူတွေလောက်ပဲ ကျန်တော့တယ်'' ဟု ဆုံကုန်းကျေးရွာမှ ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးရွှေက ပြောသည်။
    

 

ကံပြားကျေးရွာအုပ်စုအတွင်းရှိ ပေကုန်း၊ ဆုံကုန်းနှင့် ရွာတော်ကျေးရွာတို့တွင် ယခင်က ရက်ကုန်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်သူ များပြားခဲ့သော်လည်း လွန်ခဲ့သည့် (၅)နှစ်ခန့်မှစတင်ပြီး အလုပ်အကိုင်များ အဆင်မပြေမှုများကြောင့်် အခြားလုပ်ငန်းများသို့ လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် ရက်ကန်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်သူ (၁ဝ)ဦးခန့်သာရှိတော့ကြောင်း ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်များ သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)