နေပြည်တော် ၃ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးများအားလုံး၏ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလုပ်ငန်းများနှင့် လုပ်ငန်းလိုင်စင်လုပ်ငန်းများအား ဇွန် ၈ ရက်မှ စတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ယခုနှစ် မတ်လကုန်ပိုင်းမှစ၍ ခေတ္တရပ်ဆိုင်းထားခဲ့ရာမှ ကနဦးမှတ်ပုံတင်ရုံး(၄)ရုံး၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို မေ ၁၁ ရက်တွင် ပြန်လည်လက်ခံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုဒုတိယအဆင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ (၂)လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယာဉ်ပိုင်ရှင် ပြည်သူများအတွက် နှစ်လဲသက်တမ်းတိုး ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း၊ လုပ်ငန်းလိုင်စင် အသစ်လဲလှယ်ခြင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက် လုပ်ငန်းပမာဏများပြားသည့် ရုံးကြီးများ၌ နေ့စဉ်အလုပ်ချိန် တိုးမြှင့်ဆောင်ရွက်ခြင်း၊ လုပ်ငန်းအဆိုင်းများ ခွဲခြားတိုးမြှင့်ဆောင်ရွက်ပေးခြင်းနှင့် အပတ်စဉ် စနေနေ့တစ်ရက်ကို ရုံးဖွင့်လှစ်၍ အချိန်ပိုဆင်းဝန်ဆောင်မှုပေးခြင်း နည်းလမ်းများဖြင့် ဖြည့်ဆည်းဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးရုံး(မန္တလေး)၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)ရုံးများ၌ ယာဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ်ငန်းများကို လက်ရှိ Online Booking စနစ်အတိုင်း ဇွန် ၅ ရက်မှစ၍ Booking ရယူနိုင်မည်ဖြစ်ပြီး နေ့စဉ် အချိန်(၄)ချိန်ခွဲ၍ ပုံမှန်ကာလထက် ယာဉ်စီးရေ ပိုမိုလက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးရုံး(ပဲခူး)၌လည်း Online Booking စနစ်ကို စတင်ကျင့်သုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်တမ်းတိုးယာဉ်များသည် ဇွန် ၅ ရက်မှစ၍ Booking ရယူနိုင်ကြောင်း။
ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွင်း နှစ်လဲသက်တမ်းတိုးရမည့် ယာဉ်များနှင့် မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရန် ပျက်ကွက်ခြင်း တစ်ဆက်တည်း (၅)နှစ်ကျော်၍ မှတ်ပုံတင်ဖျက်သိမ်းရမည့် ယာဉ်များအတွက် ထပ်တိုးကာလများ ပြင်ဆင်သတ်မှတ်ပေးထားကြောင်း၊ မတ်လနှင့် ဧပြီလ သက်တမ်းကုန်ဆုံးသည့် ယာဉ်များသည် ဇူလိုင်လမကုန်မီအတွင်း၊ မေလသက်တမ်း ကုန်ဆုံးသည့်ယာဉ်များသည် ဩဂုတ်လမကုန်မီအတွင်း၊ ဇွန်လသက်တမ်းကုန်ဆုံးသည့် ယာဉ်များသည် စက်တင်ဘာလမကုန်မီအတွင်း ဒဏ်ကြေးကင်းလွတ်ဖြင့် သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း။
အလားတူ ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့်ကာလအတွင်း သက်တမ်းကုန်ဆုံးခဲ့သည့် ယာဉ်မောင်းလိုင်စင်များအတွက်လည်း ထပ်တိုးကာလများ ပြင်ဆင်သတ်မှတ်ခွင့်ပြုထားကြောင်း၊ အကြမ်းဖျင်းအားဖြင့် ဝန်ဆောင်မှုစတင်ရပ်ဆိုင်းသည့်ရက်မှ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးသည့် ယာဉ်မောင်းလိုင်စင်များသည် ဇူလိုင်လမကုန်မီအတွင်း၊ မေလသက်တမ်းကုန်ဆုံးသည့် ယာဉ်မောင်းလိုင်စင်များသည် ဩဂုတ်လမကုန်မီအတွင်း၊ ဇွန်လသက်တမ်းကုန်ဆုံးသည့် ယာဉ်မောင်းလိုင်စင်များသည် စက်တင်ဘာလ မကုန်မီအတွင်း ဒဏ်ကြေးကင်းလွတ်ဖြင့် သက်တမ်းတိုးနိုင်ကြောင်း။
ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်လက်ခံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ Online Booking ဆိုင်ရာ၊ မော်တော်ယာဉ်နှစ်လဲ သက်တမ်းတိုးခြင်းဆိုင်ရာနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းဆိုင်ရာ အသိပေးကြေညာချက်များအား www.motc.gov.mm, www.myanmarrtad.com, www.rtad.gov.mm, Website များနှင့် RTAD HQ facebook တို့၌ ဖော်ပြပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


