ပခုက္ကူ အောက်တိုဘာ ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)က မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS) စီမံချက်ဖြင့် တရားဝင်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁၈ရက်နေ့အထိ ရက်တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ ခရိုင်ရုံး(ပခုက္ကူ)အနေဖြင့် ရုံးလုပ်ငန်းများနှင့် ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကိစ္စများကို ကိုဗစ်-၁၉ရောဂါကြောင့် အများပြည်သူ ရုံးပိတ်ရက်များအတိုင်း ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့တွင် ခေတ္တရပ်နားထားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်တွင် ပြန်လည်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် မှတ်ပုံတင်မဲ့မော် တော်ဆိုင်ကယ်များအား One Stop Service (OSS) စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပေးရေးလုပ်ငန်းကို ယခင်က ရုံးတက် ရက်(၃၀)အပြည့် အောက်တိုဘာလ ၁၅ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ရောဂါကြောင့် ရုံးပိတ်ရက်ကြား ကာလများရှိခဲ့သောကြောင့် အောက်တိုဘာလ ၁၈ရက်မေ့အထိ ရက်တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရုံးဖွင့်ရက်မှ ယနေ့အချိန်ထိ OSS စနစ်ဖြင့် မော်တော်ဆိုင်ကယ်(၆၀)စီးကျော် တရားဝင်မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား တရားဝင် မှတ်ပုံတင်လာရောက် ဆောင်ရွက်ကြရန်နှင့် လာရောက် ဆောင်ရွက်မည်ဆိုပါက မော်တော်ယာဉ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူများ ယူဆောင်လာရမည်ဖြစ်ကြောင်း၊ လာရောက်ဆောင်ရွက်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ ငွေကျပ် ၂၄၅၀၀ ပေးသွင်းရမည်ဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် အကောက်ခွန်ဦးစီးဌာန တို့ကိုလည်း ကျသင့်သည့်နှုန်းထားများအလိုက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ရုံးပြန်လည်စတင်ဖွင့်လှစ်သည့်နေ့မှ ယနေ့အထိ သင်မောင်းလိုင်စင်အသစ်(၃၉)စောင်၊ မော်တော်ယာဉ်(၃၆၂)စီးနှင့် မော်တော်ဆိုင်ကယ်(၅၉၂)စီးအား မှတ်ပုံတင်ခြင်းဆောင်ရွက်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)