ကော့မှူး ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ကျုံလတာကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်း လျှော့ချနိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော အစိမ်းရောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထင်ဟပ်စေရန်တို့အတွက် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြစိမ်းရောင်ကျေးရွာဖြစ်သော ကျုံလတာကျေးရွာသို့ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညွန့်ဇော်၊ ဦးစီးအရာရှိ ဒေါ်ခင်အေးနှင့် ဝန်ထမ်းအဖွဲ့က မြစိမ်းရောင်ချေးငွေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော ကွမ်းရွက်စိုက်ခင်း၊ အသားတိုး ကြက်၊ ဘဲ မွေးမြူခြင်း၊ အခြား အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်၍ အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းစစ်ဆေးရာ စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်နေသော ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုကိုလည်း စစ်ဆေးခဲ့ပြီး ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြင့် တွေဆုံကာ မြစိမ်းရောင်စီမံကိန်း စာရင်းဇယားများ ဖြည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းများကို စနစ်တကျ ဆောင်ရွက်ထားရှိရန် မှာကြား၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်း


