၅ ဇန်နဝါရီ
ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံတို့သည် ဇန်နဝါရီ ၄ ရက်ညနေပိုင်းမှ စတင်ကာ ကုန်းမြေ၊ လေနှင့် ပင်လယ်ပြင်နယ်နိမိတ်များ ပြန်လည်ဖွင့်လှစ်ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်အာမက်နာဆာ အယ်လ်မိုဟာမက် အယ်လ်ဆာဘတ်ရှ်က ယမန်နေ့က ပြောကြားသည်။
ကူဝိတ်စော်ဘွား၏ အကြံပြုချက်ကို အခြေခံပြီး နှစ်နိုင်ငံအကြား ကုန်းမြေ၊ လေနှင့် ပင်လယ်ပြင် နယ်နိမိတ်များ ပြန်လည်ဖွင့်လှစ်ရန် ကာတာနှင့်ဆော်ဒီအာရေဗျ နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်ဟု ထိုနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်းပြောကြားသည်။
သက်ဆိုင်ရာ ကိစ္စရပ် အားလုံးကို ဖြေရှင်းရန်နှင့် ပင်လယ်ကွေ့ ပြဿနာများကို အဆုံးသတ်ရန် အီဂျစ်နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ နိုင်ငံများက ခေါင်းဆောင်များ၏ စိတ်အားထက်သန်မှုကို ယုံကြည်ကြောင်း ကူဝိတ်စော်ဘွားက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ယင်းဝန်ကြီးက ဆိုသည်။
ဆော်ဒီအာရေဗျ နိုင်ငံက အင်္ဂါနေ့တွင် လက်ခံကျင်းပမည့် ၄၁ ကြိမ်မြောက် ပင်လယ်ကွေ့ ထိပ်သီးဆွေးနွေးပွဲကို ကူဝိတ်စော်ဘွားတက်ရောက်မည် ဖြစ်ကြောင်း ကူဝိတ်သတင်း အေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
ကူဝိတ်စော်ဘွားက ထိုထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အကောင်းမြင်ဝါဒရှိကြောင်း ဖော်ပြကာ ဂျီစီစီ နိုင်ငံများ၏ ခေါင်းဆောင်များနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒေသတွင်း စိန်ခေါ်မှုများကို ဆန့်ကျင်ကာ ၎င်းတို့၏ ညီညွတ်မှုနှင့် စည်းလုံးညီညွတ်မှု ခိုင်မာစေမည် ဖြစ်ကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို