ကျုံပျော် ၁၀ ဇွန်
အိမ်ရှင်မများအတွက် တစ်ပိုင်တစ်နိုင် ဝင်ငွေရှာဖွေနိုင်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် သီးစုံသဘာဝဆပ်ပြာဆီ ပြုလုပ်နည်း အခမဲ့သင်တန်းကို ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန် ၁၀ ရက်က ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ သင်တန်းဆရာမ ဒေါ်ခင်သန်းနွယ်က ဆပ်ပြာဆီပြုလုပ်ပုံနည်း အဆင့်ဆင့်အားရှင်းလင်းပြောကြားကာ၊ သင်တန်းတက်ရောက်သူများအား လက်တွေ့သင်ကြားပြသခဲ့သည်။
အဆိုပါ သီးစုံသဘာဝဆပ်ပြာဆီသည် ဓာတုဗေဒပစ္စည်း ပါဝင်ခြင်း မရှိဘဲ သဘာဝအသီးအရွက်များကိုသာ အသုံးပြုထားသောကြောင့် ဘေးထွက်ဆိုးကျိုးကင်းပြီး၊ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက်လည်း ဝင်ငွေရရှိနိုင်ကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)