ကျုံပျော်၊ ၁၆ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်းချသူများတွင် Mask နှင့် Face Shield တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့မဈေးကော်မတီအဖွဲ့များ ဦးဆောင်၍ ဈေးရောင်းသူများတွင် Mask နှင့် Face Shield တပ်ဆင်ခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြပြီး မတပ်ဆင်ပါက ဒဏ်ကြေးသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးဝယ်သူများအားလုံးလည်း Mask တပ်ဆင်ပြီးမှ ဈေးအတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကိုနေ့စဉ်ဆောင်ရွက်လျက်ရှိပြီး၊ ယခုရက်ပိုင်းအတွင်း ဈေးဆိုင်များအားလုံး ပြန်လည် ဖွင့်လှစ်ရောင်းချခြင်းပြုထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆိုင်များအားလုံးကို နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိသာ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိ ကျုံပျော်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း ၂၂၁၁ ဦးစစ်ဆေးပြီးဖြစ်ကာ အတည်ပြုလူနာ ၂၃၉ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၆၉ ဦး၊ သေဆုံးလူနာ ၁ ဦးတို့ရှိခဲ့ပြီး အတည်ပြုလူနာ ၇၀ ဦးအား ဆက်လက်စောင့်ကြည့်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


