ကျုံပျော်  ၁  စက်တင်ဘာ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ဆရာ ဆရာမများနှင့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဧရာမင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် က ယခုအခါ နိုင်ငံတော်အနေဖြင့် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းချမှတ်ကာ ပညာရေးမြှင့်တင်မှု အစီအစဉ်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အချက်ပေါင်း (၁၃)ချက်ဖြင့် ဘက်စုံပညာထူးချွန်အောင် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မိဘပြည်သူများ တွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးနှင့် အတွေးခေါ်မြင့်မားရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့အတွက် ဒေသအာဏာပိုင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပညာရေး စေတနာရှင်များနှင့် မိဘပြည်သူများက ပံ့ပိုးကူညီနေတာကို တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆုပေးပွဲတွင် အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်း အပါအဝင် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ ဆရာမ (၉၉)ဦး၊ ဂုဏ်ထူးရရှိသော ကျောင်းသား ကျောင်းသူ (၃၉၃) ဦးတို့ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး (၆)ဘာသာဂုဏ်ထူးရှင် မဟန်နီသော်နှင့် တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာတွဲ၌ ပထမရရှိခဲ့သော (၅)ဘာသာဂုဏ်ထူးရှင် မသဇင်ဝင်းတို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

 

ကျုံပျော်မြို့နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၃၅၆) ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး (၁၁၄၂)ဦး အောင်မြင်ခဲ့ကာ ဂုဏ်ထူး (၆၂၀) ရရှိပြီး၊ အောင်ချက် ၃၄ ဒသမ ဝ၃ ရာခိုင်နှုန်း ရရှိခဲ့ကာ ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံး ပထမဆုကို တောက်တဲ့ရိုး အ.ထ.ကမှ မသဇင်ဝင်းက ထူးချွန်စွာရရှိ ဆွတ်ခူးခဲ့နိုင်ကြောင်း သိရသည်။

 

နေဝန်းရှိန်(ပြန်/ဆက်)