ကျုံပျော်၊  ၂၅  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက CERP ACTION PLAN အရ ထောက်ပံခဲ့သည့် ငါးသားပေါက်များ ရှင်သန်ကြီးထွားမှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ တားမြစ်ချက်များ ဆွေးနွေးဟောပြောခြင်းကို ဇန်နဝါရီ ၂၄ ရက်က အင်းတရော်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များက အင်းတရော်ကျေးရွာရှိ ငါးမွေးမြူရေးကန်များတွင် ငါးသားပေါက်များ ရှင်သန်ကြီးထွားမှု အခြေအနေများကိုစစ်ဆေးပြီး မှတ်တမ်းများ ရယူဆောင်ရွက်ခဲ့သည်။


ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့် အဖွဲ့သည် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား သဘာဝသယံဇာတ များကိုထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ တားမြစ်ချက်များကို အသေးစိတ် ရှင်းလင်းဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


ဒေသရင်းမဟုတ်သည့် ငါးမျိုးများဖြစ်သည့် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ အလှမွေးငါးပီးကော့၊ စုပ်ခွက်ငါး တို့သည် အသားစားကျူးခြင်း၊ ငါး၊ ပုစွန်ငယ်များကို ကြီးမားသောပါးစပ်ဖြင့် လျှင်မြန်စွာစားသုံးနိုင်ခြင်း၊ မျိုးပြန့်ပွားမှု အဟန့်အတားဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ခြင်း၊ ဒေသခံတိုင်းရင်းငါးမျိုးများကို ပြန်းတီးစေခြင်း၊ ငါးလုပ်ငန်းရှင်များ အရှုံးပေါ်ခြင်းတို့ကြောင့် မွေးမြူထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များသို့ လွှတ်ခြင်းများမပြုကြရန် တားမြစ်ထားကြောင်း၊ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

 

နေဝင်းမြင့်(ကျုံပျော်)