ကျုံပျော် ၃ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက နေရာကွက်၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်တလုံးပြိုကျပြီး၊ တစ်လုံးအမိုးလန်ကာ တစ်လုံးခေါင်တိုင်ကျိုး ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"မွန်းလွဲ ၁ နာရီလောက်မှာ မိုးရွာပြီး လေပြင်းတွေစတိုက်ပါတယ်။ နောက်၅ မိနစ်လောက်မှာ အောင်ဆန်းရပ်ကွက် ရွှေကျောင်းလမ်းထိပ် ဘုရားဆင်းတုတော်တွေနားမှာ ၄ ပေ ပတ်လည်လောက်ရှိတဲ့ ညောင်ကိုင်း ကျိုးကျလို့ဆိုပြီး ဖုန်းသတင်းဝင်လာလို့ တပ်ဖွဲ့ဝင်တွေနဲ့ သွားပြီးရှင်းလင်းနေတုန်း၊ အဲဒီရပ်ကွက်မှာပဲ နေအိမ်တစ်လုံးပြိုပြီး၊ တစ်လုံးက အမိုးလန်တဲ့ဖြစ်စဉ်တွေ ထပ်ဖြစ်တဲ့အတွက် အချိန်နဲ့တစ်ပြေးညီပဲ သွားရောက်ကူညီတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အိမ်ပြိုကျတာမှာ အိမ်ထောင်ဦးစီးက အလုပ်သွားတယ်၊ ကလေးကကျောင်းတက်နေပြီး၊ မိခင်က ထမင်ချိုင့်လိုက်ပို့နေတဲ့အချိန်ဖြစ်တဲ့အတွက် အိမ်မှာ လူတစ်ယောက်မှ မရှိတာကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ခဲ့ပါဘူး" ဟု မြို့နယ်မီးသတ်စခန်းမှူး ဦးသန်းဇော်လွင်က ပြောကြားသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အောင်ဆန်းရပ်ကွက်၊ ရွှေကျောင်းလမ်းတွင် (၁၅×၂၀)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တန်ဘိုးငွေ ၁၆ သိန်း ၈သောင်းရှိ နေအိမ်တစ်လုံးပြိုကျခဲ့ခြင်း၊ ဦးဖိုးခလမ်းတွင် နေအိမ်တစ်လုံး အမိုးလန်ခြင်း၊ အောင်ဆန်း (၂) လမ်းတွင် နေအိမ်တစ်လုံး ခေါင်တိုင်ကျိုးကာ ယိုင်နဲ့ခြင်း၊ ညောင်ကိုင်းကျိုးခြင်း၊ ကျွန်းပင်တစ်ပင် လဲကျခြင်းများဖြစ်ပေါ်ခဲ့ကာ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုဖြစ်ပေါ်ရာနေရာများသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်မှ တာဝန်ရှိသူများနှင့် နာရေးကူညီမှု အသင်းတို့မှ သွားရောက်ကာ အချိန်နှင့် တစ်ပြေးညီ ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အတွင်း သဘာဝဘေးဒါဏ်များ ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
နေဝန်းရှိန်(ကျုံပျော်)


