ကျုံပျော် ၇ သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင်းရှိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀ဝ၀ အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ကျုံပျော်မြို့နယ် ဧရာမင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သော ပြုလုပ်သော စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။


အဆိုပါ စွမ်းအားမြင့် မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းက စွမ်းအားမြင့် မီးဖိုများ ဖြန့်ဖြူးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမျိုးနွယ်က စွမ်းအားမြင့်မီးဖိုများ အသုံးပြုရာတွင် အားသာချက်၊ ပြုလုပ်သည့် မြေအမျိုးအစား၊ ထုတ်လုပ်သည့်ဒေသ၊ မီးဖို၏အသုံးဝင်ပုံနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများ၏ သိလိုသည့် မေးခွန်းများကိုတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


အဆိုပါစွမ်းအားမြင့်မီးဖိုများကို မြို့နယ်အတွင်းရှိ လျှပ်စစ်မီး လုံးဝမရသေးသည့်ကျေးရွာများသို့  ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း အလုံးရေ ၁၈၀ဝ၀ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နေဝင်းမြင့်(ပြန်/ဆက်)