ကျုံပျော်၊   ၁၀   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ တေဇရပ်ကွက်ရှိ ဒေါ်တင်တင်မိသားစုက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေရန်အတွက် အိမ်ထောင်စု (၂၁၀) အား အခြေခံစားသောက်ကုန်များထောက်ပံ့ခြင်းကို တေဇရပ်ကွက် (၄)လမ်းရှိ အလှူရှင် နေအိမ်ရှေ့၌ ဒီဇင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မန်းဂျော်နီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လှူဒါန်းသော ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ကြာဆံနှင့် ခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်းခဲ့ပြီး  တန်ဖိုးငွေ စုစုပေါင်း ငွေကျပ် (၁၅)သိန်းရှိကြောင်း သိရသည်။

 

လှူဒါန်းရာတွင် ကိုဗစ် - ၁၉ ကာလဖြစ်သည့်အတွက် ရောဂါကူးစက်မှုမရှိစေရန် တစ်ကြိမ်လျှင် လူ (၃၀)စီကို သတ်မှတ်အကွာအဝေးများဖြင့် ထားရှိကာ လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့ မိသားစု က ခရစ်စမတ်ပွဲတော်ကို နှစ်စဉ်ကျင်းပပြီး လှူဒါန်းခဲ့ရာ ယခုနှစ် ကိုဗစ်-၁၉ ရောဂါကြောင့် မိမိတို့ မကျင်းပနိုင်သည့်အတွက် အဆိုပါပွဲ ကုန်ကျမည့်ငွေများကို အကျိုးရှိစေရန် ချို့တဲ့အိမ်ထောင်စုများအား လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ကိုဗစ်ကာလအတွင်း တေဇရပ်ကွက်၌ ပြုလုပ်ခဲ့သည့် အလှူရှင်များ၏ လှူဒါန်းမှုသည် ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် အိမ်ထောင်စု (၃၀)၊ ဒုတိယအကြိမ်တွင် အိမ်ထောင်စု (၉၀)၊ တတိယအကြိမ်တွင် အိမ်ထောင်စု (၁၅၀)၊ စတုတ္ထအကြိမ်တွင် အိမ်ထောင်စု (၆၀) နှင့် ယခု ပဉ္စမ အကြိမ်တွင် အိမ်ထောင်စု (၂၁၀) တို့ကို လှူဒါန်းပေးခဲ့နိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမိုးထံမှ သိရသည်။

 

နေဝင်းမြင့်(ကျုံပျော်)