ကျုံပျော် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် ကျုံပျော်ခရိုင် ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးကျော်ဇင်သန်းက ကျောင်းအုပ်ကြီးများကို ခေတ်စနစ်နှင့် လျော်ညီစွာ မိမိကျောင်း၌ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ သင်ကြားရေး၊ သင်ယူတတ်မြောက်မှု စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်က ယခုဆွေးနွေးပွဲမှသည် နိုင်ငံတော်က အားထားရသည့် ဆရာကြီး၊ ဆရာမကြီးများဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေကြောင်းဖြင့် အမှာစကားပြောကြားပြီး၊ ဒု-မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးနိုင်က အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး (၂၅၂)ဦးတို့ တက်ရောက်ကြပြီး၊ ကျုံပျော်ခရိုင် ပညာရေးမှူး ဦးကျော်ဇင်သန်း၊ ရေကြည်မြို့နယ် ပညာရေးမှူး ဦးသန်းမော်နှင့် ကျောင်းကုန်း မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့က ဘဏ္ဍ၊ စီမံ၊ ပညာ စသည့်ဘာသာရပ် (၃)ခုကို အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၂)ရက်ကြာ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)