ကျုံပျော်၊ ၂၆ ဇန်နဝါရီ
ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည့် သဘာဝငါးသယံဇာတများကို ထိခိုက်စေသည့် ဒေသရင်း မဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းကို ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ဗိုလ်ချုပ်လမ်း ပန်းခြံရှေ့၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုစတာ စိုက်ထူပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး အသိပေးတားမြစ်ချက် ဆိုင်းဘုတ်အား စိုက်ထူကြကာ ၊လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဒေသရင်းမဟုတ်သည့် ငါးမျိုးများဖြစ်သည့် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ အလှမွေးငါးပီးကော့နှင့် စုပ်ခွက်ငါးတို့သည် အသားစားကျူးခြင်း၊ ငါး၊ ပုစွန်ငယ်များကို ကြီးမားသော ပါးစပ်ဖြင့် လျင်မြန်စွာ စားသုံးနိုင်ခြင်း၊ မျိုးပြန့်ပွားမှု အဟန့်အတားဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းငါးမျိုးများကို ပြန်းတီးစေခြင်းတို့ကြောင့် မွေးမြူထုတ်လုပ် ရောင်းဝယ်ခြင်းနှင့် သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များသို့ လွှတ်ခြင်းများမပြုကြရန် တားမြစ်ထားကြောင်း သိရသည်။
အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆွေးနွေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


