ကျုံပျော် ၂၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ထပ်ဆောင်းအသိပေး လှုံဆော်သည့်အနေဖြင့် ပရဟိတအဖွဲ့များ၊ စေတနာရှင်များ စုပေါင်းကာ Mask များ အခမဲ့ လိုက်လံဖြန့်ဝေခြင်းကို ဇွန် ၂၈ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင်များက မိမိတို့လှူဒါန်းသည့် Mask များကို ကျန်းမာရေးဦးစီးဌာနသို့ စုပေါင်းပေးအပ်လှူဒါန်းကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အမေ့မေတ္တာ အမျိုးသမီးပရဟိတအဖွဲ့၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်များ စုပေါင်းကာ ဗိုလ်ချုပ်လမ်းတွင် သွားလာကြသောပြည်သူများနှင့် မြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများထံသို့ Mask (၉၀ဝ) ကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင်လည်း အပြင်ထွက်သွားလာပါက Mask များတပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်နှင့် မိမိကစ၍ ကာကွယ်ရန် စသည်တို့ကို ပညာပေးပြောကြားခြင်း၊ လှုံ့ဆော်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


