ကျုံပျော် ၄ ဒီဇင်ဘာ
ကလေးများ၏ ကာယ၊ဉာဏစွမ်းရည်များဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူမွုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျုံပျော်မြို့နယ်၊ ဧရာမင်း ခန်းမ၌ ဒီဇင်ဘာ ၄ ရက် နံနက်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်နော်သဝါးက မိခင်ဝိုင်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည်။
"ကျုံပျော်မြို့နယ်မှာလက်ရှိ မိခင်ဝိုင်း(၁၀)ဝိုင်း ဖွင့်လှစ်ထားပြီး အခုသင်တန်းပြီးရင်လည်း ထပ်ပြီး(၁၀)ဝိုင်းဖွင့်ဖို့ ရှိပါတယ်။ စုစုပေါင်း မိခင်ဝိုင်း(၂၀)ဖွင့်သွားမှာ ဖြစ်ပါတယ်။ မိခင်ဝိုင်း တစ်ဝိုင်းကို ဆရာမတစ်ဦးစီခန့်ထားပေးပြီး၊ တစ်ဝိုင်းကိုတော့ (၂)နှစ်ကနေ(၄) နှစ်အတွင်း ကလေးငယ် အနည်းဆုံး (၂၀)နဲ့အထက်ကို စောင့်ရှောက်မှု တွေပေးနေပါတယ်။ နိုင်ငံတော်က ကလေးငယ်တွေရဲ့ ဖြည့်စွက်အဟာရအဖြစ် တစ်နေ့ကို ထောက်ပံ့ငွေ(၃၅၀)ကျပ်ပံ့ပိုးပေးပြီး၊ ဆရာမတစ်ဦးအတွက် တစ်လကို သုံးသောင်းကျပ် ခံစားခွင့် ပေးထားပါတယ်။ ဒီလို မိခင်ဝိုင်းတွေ ရှိတဲ့အတွက် ကလေးငယ်တွေရဲ့ လုံခြုံမွုနဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုတွေ အတွက် တစ်ဖက် တစ်လမ်းက ဆောင်ရွက်ပေးနိုင်သလို ၊ ကလေးမိဘတွေအတွက်လည်း သားသမီးတွေကို စိတ်ချလုံခြုံတဲ့ နေရာမှာထားပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့အတွက် အများကြီး အဆင်ပြေနေပါတယ်" ဟု မိခင်ဝိုင်းခရိုင်အဖွဲ့ဝင် ဒေါ်ခင်မြတ်မွန်က ဆိုပါသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ မိခင်ဝိုင်းများမှ သင်တန်းသူ(၂၀)၊ ကလေးမိခင်(၂၀) ၊ စုစုပေါင်း (၄၀) တက်ရောက် သင်ကြားကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ဒီဇင်ဘာ (၄)ရက်နေ့မှ (၆) ရက်နေ့အထိ သုံးရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်း(ကျုံပျော်)