ကျုံ‌ပျော်တွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး ဆွေးနွေး 

ကျုံပျော် ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာ မြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ဦးဆောင်ကာ နွေစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရေး  ဆွေးနွေးခြင်း ဇရစ်ရိုးကျေးရွာ၌ ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြည့်ရှု အားပေးကြပြီး၊ ကွင်းအမှတ် (၉၈၇-က)၊ ဇရစ်ရိုးမြောက် ဦးပိုင်အမှတ်(မ/၉၁)ရှိ တောင်သူ ဦး‌မောင်ဦး၏ ဆင်းသုခစပါး စိုက်ခင်း (၂.၇၈)ဧက၌ ပြုလုပ်ရာ တစ်ဧကလျှင် စပါးအခြောက်ထွက်နှုန်း (၉၇.၈၈)တင်းဖြင့် အောင်မြင်စွာ ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ဌာနတာဝန်ရှိသူများက ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်း ဆီဖူလုံရေး၊ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထုတ်လုပ်ရေး ကိစ္စများအား ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ နေကြာသည် သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန်အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျုံပျော်တွင် နေကြာစိုက်ပျိုးရန် (၁၁၁၀၆)ဧက လျာထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

လပြည့်ဦး(ပြန်/ဆက်)