ရန်ကုန် ၁၄ ဒီဇင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းရှိ Lottle Hotel ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် နာယကများ၊ ဥက္ကဋ္ဌ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ် အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာနိုင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ Invest Myanmar Summit ၊ China-Myanmar Investment Promotion Seminar ၊ Select USA Investment Summit စသည်များကို ပြည်တွင်း၌ ပြုလုပ်ခဲ့ပြီး ဂျပန်၊ ကိုရီးယား၊ ချက်၊ အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေး ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ ပုဂ္ဂလိက ကုန်သွယ်မှု မြှင့်တင်ရေးအတွက်လည်း အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) နှင့်စပ်လျဉ်းပြီး ပြည်တွင်းမှ ဝန်ကြီးဌာနများ၊ ITC မှ ပညာရှင်များနှင့် ဆွေးနွေးပွဲများလည်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဈေးကွက်စီးပွားရေးစနစ်ကို ရှေ့ရှုသွားနိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွင် အဓိကအကျဆုံး အသင်းအဖွဲ့သည် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဖြစ်ပါကြောင်း၊ အဆိုပါအသင်းသည် ပုဂ္ဂလိကကဏ္ဍတစ်ခုချင်းစီကို အစိုးရနှင့်နိုင်ငံတကာအကြားတွင် ပေါင်းကူးပေးနေသည့် ပေါင်းကူးတံတားတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ ပေါင်းကူးမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူဖြစ်ပါကြောင်း၊ ကုန်သည်ကြီးများအသင်းအနေဖြင့် နယ်မြေအသီးသီးတွင် ညီနောင်အသင်းများကို ဖြန့်ကြက်ထားနိုင်သလို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှု အပေါ် အသိအမှတ်ပြုပါကြောင်း။
ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် ယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရှိနေသော်လည်း ကမ္ဘာနိုင်ငံရေး စီးပွားရေး အခြေအနေများနှင့် ယှဉ်တွဲစဉ်းစားဆောင်ရွက်နေရသည့် အခြေအနေတွင် ရှိနေပါကြောင်း၊ အဆိုပါ အခြေအနေများကို လေ့လာသုံးသပ်ပြီး ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နာယကများ၊ ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပသည်။
သတင်းစဉ်