မန္တလေး ၈ ဇူလိုင်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောင်ရွက်သည့်မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတွင် ဝယ်ယူခွင့်ရရှိသူတွေသည် ကုန်သွယ်ခွန် ပေးဆောင်ရမည်ဖြစ်သည့်အတွက် ယခင်ကထက် တိုက်ခန်းတန်ဖိုး မြင့်တက်လာကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ဒုတိယအကြိမ် မဲနှိုက်ရောင်းချမှုကို အခုလအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူများသည် ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
"ပြည်တွင်းအခွန်အတွက် ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်းပါ ထည့်တွက်ထားလို့ တိုက်ခန်းဈေးနှုန်းက အနည်းငယ်ပို ပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှ တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းပြီး မြေညီထပ် တစ်ခန်းလျှင် ကျပ်(၂၆၇)သိန်းကျော်၊ ပထမထပ် ကျပ်(၂၄၇)သိန်းကျော်၊ ဒုတိယထပ် ကျပ်(၂၂၆)သိန်းကျော်၊ တတိယထပ် ကျပ်(၂၁၆)သိန်းကျော်၊ စတုတ္ထထပ် ကျပ်(၂၀၆)သိန်းကျော်နှင့် မဉ္စမထပ် ကျပ်(၁၉၅)သိန်းကျော် ဈေးနှုန်းသတ်မှတ်ထားသည်။
ပထမအကြိမ်ရောင်းချသည့်ဈေးနှုန်းထက် ငွေကျပ် ၅ သိန်းမှ ၇ သိန်းဝန်းကျင်အထိ ဈေးနှုန်း ပိုမိုမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ သြဂုတ်လအတွင်းက မြရည်နန္ဒာတန်ဘိုးမျှတအိမ်ယာ တိုက်ခန်း (၆၇၀)ကျော်ကို ပထမအသုတ် မဲနှိုက်ရောင်းချခဲ့ရာတွင် ဝယ်ယူလိုသူ တစ်သောင်းကျော်အထိ ရှိခဲ့သော်လည်း မဲပေါက်၍ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများအနက် ပြန်လည်အပ်နှံသော တိုက်ခန်းနှင့် ပိုင်ရှင်များမှ မဆက်သွယ်၍ ပြန်လည်သိမ်းယူထားသော တိုက်ခန်း စုစုပေါင်း(၈၆)ခန်းအထိ ရှိခဲ့သည်ဟု သိရသည်။
ယခုတစ်ကြိမ်ရောင်းချမည့် တိုက်ခန်းများအား အမှန်တကယ်နေထိုင်သူများ ရရှိစေရန်အတွက် ငွေကျပ် ၅ သိန်းစရံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
"ဝယ်ယူခွင့် ရသူတွေက ဘယ်အထပ် ဘယ်အခန်းဆိုတာ မဲမနှိုက်ခင် ၅ သိန်းစေပေါ်ပေး ရမယ်။ ပထမတစ်ခါနှိုက်တုန်း က ၈၆ ခန်းကို လာမယူဘူး၊ ဆက်လည်း မဆက်သွယ်ဘူး။ အဲဒီတော့ တကယ်ဝယ်ချင်တဲ့သူတွေကျ မရဘူး ဖြစ်သွားတယ်'' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။
လက်ရှိအချိန်အထိ တိုက်ခန်းလျှောက်လွှာ ဝယ်ယူသူ ၁၆၆၃ ဦးရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


