နေပြည်တော် ၂၅ ဇွန်
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် Tier 2 Project Orientation အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးသော အစီအစဉ်ဖြစ်သည့် Enhanced Integrated Framework (EIF) အစီအစဉ်အရ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် အဆင့် (၂) ဖြစ်သော Tier 2 အဆင့်အား ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း အဆိုပြုလွှာကို ၂၀၁၇ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် EIF Board မှ အဆိုပါစီမံကိန်းအား အတည်ပြုခဲ့ပြီးဖြစ်ကြောင်း။
စီမံကိန်းကာလသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၃) နှစ်ဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဂျီဒီပီနှင့် အလုပ်အကိုင်ရရှိနိုင်စွမ်းကို အထောက်အကူပြုရန် အလားအလာကောင်းများရှိသည့် ဝန်ဆောင်မှုကဏ္ဍအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan–MSDP) (2018-2030) တို့နှင့်ချိတ်ဆက်နေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် အလုပ်အကိုင် ဖန်တီးပေးရေး လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုနေပါကြောင်း။
စီမံကိန်းပါ အခန်းကဏ္ဍနှင့် အကြောင်းအရာများသည် တစ်ချိန်တည်း ဖြစ်ပေါ်တိုးတက်ရန် လိုအပ်သည့်အတွက် သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ့အစည်းများ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းမှာ Tier 2 အဆင့်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး Tier 1 အဆင့်တွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယနေ့တွင် ILO Liaison Office in Myanmar မှ Liaison Officer Mr. Rory Mungoven နှင့် အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ILO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အဆင်ပြေချောမွေ့စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု တိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


