နေပြည်တော်   ဖေဖော်ဝါရီ    ၁၅

 

စစ်ဆေးရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင်နေပြည်တော် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မွေးမြူရေး သုတေသနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဇီဝလုံခြုံရေးလုပ်ငန်းများသည် မွေးမြူရေးကဏ္ဍတစ်ခုလုံး၏ အရေးပါဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားပြီး စောင့်ကြည့် စစ်ဆေးမည့် စစ်ဆေးရေးမှူးများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို ဇီဝလုံခြုံ ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန်နှင့် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ကာကွယ်ရေးဇုန်၊ ထိန်းချုပ်ရေးဇုန်လုပ်ငန်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား(၃၃)ဦး တက်ရောက်ကြောင်း၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် မွေးမြူရေးဇုန်များ တည်ထောင်ထားရှိမှု၊ ဝက်၊ ကျွဲ၊ နွား ၊ သိုး ၊ ဆိတ်၊ ကြက် ၊ ဘဲ အရှင်သယ် ဆောင်မှုကို စစ်ဆေးခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခြင်းကို စစ်ဆေးခြင်း၊ အေးခဲသား သယ်ဆောင်မှုကို စစ်ဆေးခြင်း၊ ခွာနာလျှာနာရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ အရေပြား အကြိတ်နာရောဂါ၊ အာဖရိကဝက် အပြင်းဖျားရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်း ရောဂါနှင့် တိရစ္ဆာန်ကူးစက်ရောဂါများကို စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာများ၊ လုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းစွာသိရှိနားလည်ပြီး စွမ်းဆောင်မှု မြင့်မားစေရေးအတွက်  သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် လေ့ကျင့်သင်ကြားရေးဆေးရုံ၌ တိရစ္ဆာန်များ လာရောက် ဆေးကုသခံယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။        

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ချောထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရေး အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ မွေးမြူရေးခြံတည်ထောင်လုပ်ကိုင်လိုသူများကို အသိပညာပေး နည်းပညာပေးလုပ် ငန်းများ ဆောင်ရွက်ပေးရေး၊ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသောဈေးကွက် ဖော်ဆောင်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)