နေပြည်တော်  ၁၈  ဇွန်

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။

 

0029

 

အစည်းအဝေးတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC)မှ ကိုယ်စားလှယ်အဖွဲ့က ၂၀၂၀-၂၀၂၅ ခုနှစ်တွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် ဦးစားပေးကဏ္ဍများ အဆိုပြုတင်ပြမှုကို ရွေးချယ်အတည်ပြုနိုင်ရန် ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် ITC မှ အဆိုပြု ရွေးချယ်တင်ပြထားသည့် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြု ကဏ္ဍများကို အပြီးသတ် ရွေးချယ်အတည်ပြုရန် ဖြစ်ကြောင်း။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန(ITC)က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်းပြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) အဖွဲ့အစည်း၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကိုလည်း ပြောင်းလဲလာသော ဈေးကွက်အခြေအနေနှင့်အညီ သီးနှံပြောင်းလဲ စိုက်ပျိုးသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သဘာဝသယံဇာတ ထုတ်လုပ်မှုသာမက စက်မှုထုတ်ကုန်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားသင့်ကြောင်း၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကပါ အတွေးသစ်အမြင်သစ်များဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက် ဆွေးနွေး၍  တက်ရောက်လာကြသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ အသင်းအဖွဲ့များ၊  သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)