စီးပွားရေး စကားဝိုင်း
၁၅ သြဂုတ်
ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာပြီး နိုင်ငံတော်၏ စီးပွားရေး မြင့်မားတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ဘက်ပေါင်းစုံမှ ကြိုးစားဖော်ဆောင်လျက်ရှိရာ စီးပွားရေး အသိအမြင်များ ပိုမိုမြင့်မားလာစေရန်နှင့် ပူးပေါင်းအဖြေရှာခြင်းဖြင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပသည့် စီးပွားရေး စကားဝိုင်းတစ်ခုကို ဩဂုတ်လ ၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြုလုပ်ခဲ့သည်။
“ကုန်သွယ်ဖွံ့ ဖြိုးစီးပွားတိုး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်တို့က စကားဝိုင်းအတွင်း ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြခြင်းဖြစ်ရာ စာဖတ်ပရိသတ်များ သိရှိနိုင်စေရန် ပြန်လည်ဖော်ပြအပ်ပါသည်။
(ယမန်နေ့မှ အဆက်)
အစီအစဉ်မှူး။ ။ ဒီနှစ်က ဝါထပ်တဲ့နှစ်ဖြစ်သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် ဧက ခုနစ်သိန်း ရေလွှမ်းခဲ့ပြီး ဧက သုံးသိန်း ပျက်စီးတယ်လို့ သိရပါတယ်။ ဒီလိုထိခိုက်ပျက်စီးမှုတွေဟာ လက်ရှိဆန်ထုတ်လုပ်မှုကို ထိခိုက်စေပါသလား။ မြန်မာနိုင်ငံရဲ့ ဒီနှစ်ဆန်တင်ပို့မှု အလားအလာနဲ့ ဈေးနှုန်းအခြေအနေကိုလည်း ကိုနေလင်းဇင်က ရှင်းပြပေးစေလိုပါတယ်။
ဦးနေလင်းဇင်။ ။ ရေကြီးနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပုံမှန်ဆိုရင်တော့ ဝါထပ်တဲ့နှစ်တွေဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ ရေကြီးရေလျှံလေ့ရှိတာကြာပါပြီ။ မိုးများတဲ့နှစ်တွေမှာ မိုးဦးကျကာလ ရေနစ်မြုပ်မှုက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်တုန်းက လောက်တော့ အခုအချိန်အထိ မဆိုးရွားသေးဘူးလို့ ထင်ပါတယ်။ အဲဒီတုန်းက တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုမှာ ၁၃ ခုအထိ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆန်တင်ပို့မှုကို ပြောရရင် တန်ချိန် တစ်သန်းနီးပါးအထိ ကျဆင်းသွားခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။
လက်ရှိ ရေကြီးရေလျှံတဲ့ကာလမှာ စိုက်ပျိုးဧက တစ်သိန်းခွဲကနေ နှစ်သိန်းကြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အတွက် ဆန်အထွက်နှုန်းဆုံးရှုံးမှုက တန်ချိန် ၁ ဒသမ ၂ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထိခိုက်မှုမှာ တန်ချိန်ကို တွက်ကြည့်ရတဲ့အခါ မနှစ်က ဆန်ထုတ်လုပ်မှုက တန်ချိန် ၁၄ သန်းရှိပါတယ်။ ဒါကြောင့် အခု ထိခိုက်ဆုံးရှုံးမှုက မနှစ်က အထွက်နှုန်းနဲ့ တွက်မယ်ဆိုရင် တစ်ရာခိုင်နှုန်း မပြည့်ပါဘူး။ လက်ရှိမှာ ရေကြီးနစ်မြုပ်မှုကြောင့်တော့ အများကြီးဆုံးရှုံးတယ်လို့ ပြောလို့တော့ သိပ်မရပါဘူး။ ရေကြီးတယ်ဆိုရင် ဆန်ဈေးက တက်လေ့တက်ထရှိပါတယ်။ ဒီနှစ်မှာတော့ ဆန်ဈေးက ရေကြီးလို့တက်တယ်ဆိုတာ သိပ်တော့မတွေ့ရပါဘူး။ ဆန်ဈေးတက်တယ် ဆိုတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတို့လို အမျိုးအစားတွေက ပြီးခဲ့တဲ့ တစ်လကျော်လောက်ကတည်းက အနည်းငယ်တက်နေတာပါ။ ပေါ်ကျွဲ အမျိုးအစားလည်း ဈေးတက်ပါတယ်။ ဧည့်မထလို့ အများခေါ်ကြတဲ့ စားဆန်ရယ်၊ တရုတ်နယ်စပ်ကနေ ကုန်သွယ်ရေးသွားတဲ့ ဆန်ရယ်၊ ပြည်ပကိုရေကြောင်းကနေ တင်ပို့တဲ့ ဆန်တွေကတော့ လက်ရှိမှာ ဈေးကွက်အတွင်းမှာလည်း အရောင်းသွက်လက်မှု မရှိတဲ့အတွက် လက်ကျန်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ဈေးငြိမ်နေပါတယ်။ ဈေးနှုန်းမတက်ပါဘူး။ လက်ရှိအခြေအနေ အရတော့ ရေကြီးမှုကြောင့် ဆန်ဈေးနှုန်းတွေ တက်တာ၊ မလုံမလောက်ဖြစ်တာမျိုး မရှိနိုင်ပါဘူး။
ဆန်တင်ပို့မှုကို ကြည့်တဲ့အခါမှာတော့ မနှစ်က အားလုံးသိကြတဲ့အတိုင်း ပြည်ပကို ဆန်တင်ပို့မှုဟာ များပြားခဲ့ပြီး တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးအထိ တင်ပို့ခဲ့လို့ နိုင်ငံတော်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အမေရိကန် ဒေါ်လာငွေကြေးက မြင့်မားလာခဲ့ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ပြန်ကြည့်တဲ့အခါ သူတို့ဆန်ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၅၀ လောက် ကျဆင်းသွားပါတယ်။ ပြည်တွင်းကလည်း အဲဒီဈေးနဲ့ နှိုင်းယှဉ်ရောင်းနိုင်ဖို့တော့ အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် လာမယ့်ကာလအတွင်း တင်ပို့မှုမှာ ပြီးခဲ့တဲ့နှစ် ကာလတူကို မီမယ်လို့မထင်ပါဘူး။ အများဆုံး ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်း ကနေ ၂ သန်းခွဲကြားပဲ တင်ပို့နိုင်မယ့် အနေအထားကို မြင်တွေ့ရပါတယ်။ နောက်တစ်ချက်က ဒီကာလမှာ ပြည်ပဆန်တင်ပို့မှုက တစ်လကို တန်ချိန် နှစ်သိန်းအောက်ပဲ တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။
အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံမှာ အခြေခံစားကုန်တွေရော ဈေးနှုန်းတွေ မြင့်တက်နေပါသလား။ ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ လက်ရှိအခြေအနေအပေါ် အခြေခံပြီး ကုန်စည်စီးဆင်းမှု အခြေအနေတွေကိုလည်း ဆွေးနွေးပေးပါဦး။
ဦးခင်ဟန် ။ ။ စားသောက်ကုန်ပစ္စည်း အခြေခံစားကုန်တွေအားလုံးရဲ့ တကယ့်အသက်သွေးကြောက ဘုရင့်နောင်ကုန်စည်ဒိုင်ပဲ ဖြစ်ပါတယ်။ ကုန်စည်ဈေးနှုန်းတွေအကြောင်း မပြောပြခင် ဘုရင့်နောင်ရဲ့ လက်ရှိအခြေအနေလေးကို ပြည်သူတွေသိထားဖို့ လိုအပ်ပါတယ်။ ဘုရင့်နောင်ပွဲရုံနယ်မြေက ဧက ၁၀ဝ နီးပါး ကျယ်ဝန်းပြီး ပွဲရုံပေါင်း ၁၂၀ဝ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ ငါးပိငါးခြောက် ပွဲရုံပေါင်း ၁၅၀၊ ဆန်ပွဲရုံ ၂၀ဝ နဲ့ အခြားကုန်ခြောက်ပွဲရုံပေါင်း ၅၀ဝ နီးပါးရှိပါတယ်။ ကုန်ပစ္စည်း သိုလှောင်ရုံ ၂၀ဝ လောက်ရှိပါတယ်။ နေ့စဉ်ကုန်ကားပေါင်း ၈၀ဝ ကနေ ၁၂၀ဝ အကြား ဝင်ထွက်ကုန်စည် သယ်ယူနေကြပြီး ဈေးဝယ်တဲ့ကား၊ ခေါက်တိုကားတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ကားတွေ စုစုပေါင်း အစီး ၄၀ဝဝ လောက်ရှိပြီး နေ့စဉ်လှုပ်ရှားနေကြတဲ့ အလုပ်သမားအပါအဝင် လူပေါင်းက ငါးသောင်းကျော် ရှိပါတယ်။ ကုန်စည်ရောင်းဝယ်တတ်ကြတဲ့ အချိန်တွေကလည်း ကုန်စည်အမျိုးအစားအလိုက် မတူညီကြပါဘူး။
ဥပမာပြောရရင် ငါးခြောက်ပွဲရုံတွေဆီကို နံနက်အရုဏ်ကနေ ၁၁ နာရီလောက်အထိ လူစည်ကားနေတတ်ပြီး ကြက်သွန်၊ အာလူးစတာတွေက တစ်နေကုန် ရောင်းကြပါတယ်။ ကုန်ခြောက်အများစုကို စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးဘက်ကနေ အများဆုံးလာဝယ်ကြပါတယ်။ ကြက်သွန်နီအစီး ၃၀ ကနေ ၃၅ စီး၊ အာလူးဆိုရင် ၁၀ စီးကနေ ၁၂ စီး၊ ကြက်သွန်ဖြူ တောင်ကြီး၊ ပခုက္ကူအဝင်ဝက အိတ်ရေ ၂၀ဝဝ နဲ့ ၃၀ဝဝ ကြား နေ့စဉ်ဝင်ရောက်ပါတယ်။ ဈေးနှုန်းတွေက လစာတွေ တိုးပေးလိုက်တဲ့အတွက် အနိမ့်ဆုံးလုပ်ခ သတ်မှတ်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်တယ်လို့ အများစုက ပြောနေကြတယ်။ ကျွန်တော်ကတော့ ဒါကိုတိုက်ရိုက် အချိုးကျတယ်လို့ မထင်ဘူး။ အခုလက်ရှိ ဈေးနှုန်းတွေက လစာမတက်ခင် ဈေးနှုန်းထက် ငရုတ်သီးတစ်ခုကလွဲရင် အကုန်ဈေးကျနေပါတယ်။ အခြေခံစားကုန်တွေ အားလုံးနီးပါး ဈေးနှုန်းတွေ ကျဆင်းနေတာပါ။
ကျွန်တော်တို့ဆီမှာ နေ့စဉ်ဈေးနှုန်းတွေ ထုတ်ပြန်ပေးနေပါတယ်။ ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့နှစ်က ဈေးအလွန်ကောင်းခဲ့တယ်။ နိုင်ငံခြားကိုလည်း တင်ပို့ရတယ်။ ရာသီဥတုကြောင့် အသစ်ပေါ်ရမယ့်အချိန်နဲ့ အဟောင်းကျန်ရမယ့်အ ချိန်မှာ ပစ္စည်းက ပြတ်သွားတဲ့အတွက် ဈေးကတစ်ပိဿာကို ငွေကျပ် ၃၀ဝဝ ကျော်သွားတယ်။ ဒီနှစ်ကျတော့ တောင်သူတွေကလည်း တိုးပြီးစိုက်တယ်။ အရောင်းအဝယ်က ထင်သလောက် မကောင်းဘူး။ အခု စကားဝိုင်းကျင်းပတဲ့ ဩဂုတ်လ ၉ ရက်နေ့မှာဆိုရင် ကျွန်တော့်ပွဲရုံကို အိတ် ၁၀ဝ ကျော်ပဲ ရောက်တယ်။ ဘုရင့်နောင်တစ်ခုလုံးကို အစီးရေ ၃၀ ကျော်ပဲရောက်တယ်။
ရောင်းလို့မရဘူး။ တစ်ပိဿာကို ငွေကျပ် ၄၇၅ ကနေ ၆၀ဝပဲရှိတယ်။ ကြက်သွန်ဖြူဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီအချိန်က တစ်ပိဿာကို ငွေကျပ် ၁၅၀ဝ ကနေ ၃၀ဝဝ ရှိတယ်။ အခုတစ်ပိဿာကို ငွေကျပ် ၆၀ဝ ကနေ ၁၂၀ဝ ကြားပဲရှိတယ်။ စားအုန်းဆီဆိုရင်လည်း အမေရိကန်ဒေါ်လာ ဈေးမြင့်လာလို့ ဧပြီလ ယခုရက်မှာ တစ်ပိဿာကို ငွေကျပ် ၁၅၇၀ နှုန်းလောက်ကနေ ယနေ့ ငွေကျပ် ၁၈၅၀ အထိ မြင့်တက်လာခဲ့ပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်စည်စီးဆင်းမှုကိုကြည့်ပြီး တစ်နိုင်ငံလုံးရဲ့ အခြေခံစားကုန်ဈေးနှုန်းကို တွက်ဆနိုင်ပါတယ်။ မြို့ ကြီးအများစုမှာ ကုန်စည်ဒိုင်တွေ ၁၅ ခုလောက်ရှိပါတယ်။ အားလုံးက ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းအပြောင်းအလဲကို စောင့်ကြည့်ရပါတယ်။ ဥပမာအားဖြင့် ပဲဈေးကွက်မှာ နယ်စုံပဲထွက်ပေမယ့် နိုင်ငံခြားကိုတင်ပို့တဲ့ ပဲအားလုံးရဲ့ သုံးပုံနှစ်ပုံက ဘုရင့်နောင်မှာပဲ အရောင်းအဝယ်လုပ်တာပါ။ ဈေးနှုန်းတွေကို ကျွန်တော်တို့ဆီမှာ မနက်ပိုင်း ဖြတ်ပေမယ့် မွန်းတည့် ၁၂ နာရီ မကျော်မီ အားလုံးဈေးတွေ လာရောက်ပေးထားရပါတယ်။ ကျွန်တော်တို့က နေ့စဉ် အသင်းရုံးရဲ့ Digital Board မှာ ဖော်ပြပေးသလို စာစောင်တွေ၊ ရေဒီယိုတွေနဲ့ ရုပ်သံတွေကိုလည်း ပေးပို့ပါတယ်။ အခြားနေရာတွေကတော့ ပွဲရုံဈေးမဟုတ်ဘဲ လက်ကားဈေးဆိုတော့ စားကုန်တွေ ဈေးအနည်းငယ် များချင်များပါလိမ့်မယ်။ ကျွန်တော့်သဘောကတော့ မိသားစုများတဲ့ အိမ်ထောင်စုတွေဟာ ကျွန်တော်တို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ကံ့ကော်လမ်းမကြီးပေါ်က ဆိုင်တွေမှာ လာရောက်ဝယ်ထားကြမယ်ဆိုရင် အပြင်နဲ့ဘာမှမဆိုင်တဲ့ ပွဲရုံဈေးထက် တစ်ပိဿာကို ငွေကျပ် ၅၀ ကနေ ၁၀ဝ ကြားလောက်ပဲ ပိုပေးရတဲ့ဈေးနဲ့ ဝယ်ယူနိုင်ပါတယ်။
ယာဉ်အဝင်၊အထွက် လွယ်ကူအောင်လည်း နေ့စဉ် ယာဉ်ရှင်းလုပ်သား ၄၀ နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ပိတ်ရက်တွေမှတစ်ပါး အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကြက်သွန်နီဆိုရင် တစ်ပိဿာကို အများဆုံးမှ ငွေကျပ် ၆၅၀၊ ကြက်သွန်ဖြူဆို အများဆုံးမှတစ်ပိဿာ ငွေကျပ် ၁၅၀ဝ စသည်ဖြင့် အပြင်ဈေးနှုန်းထက် သက်သာတဲ့အတွက် လာရောက်လေ့လာပါလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
အစီအစဉ်မှူး ။ ကုန်သွယ်မှု ဖြေလျှော့ပေးမှုအဖြစ် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ငန်းတွေကို လက်လီလက်ကား ရောင်းဝယ်ခွင့်ပေးခဲ့ပါတယ်ခင်ဗျ။
ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုဖြစ်လဲဆိုတာနဲ့ ဒီလိုလုပ်ပိုင်ခွင့်ပေးလိုက်တာက မြန်မာနိုင်ငံကိုရော ဘယ်လိုအကျိုး ကျေးဇူး ရရှိနိုင်သလဲဆိုတာကို ဆွေးနွေးပေးပါဦး။
ဦးရန်နိုင်ထွန်း။ ။ ကျွန်တော်တို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှု ဖြေလျှော့ရေးနဲ့ ကုန်သွယ်မှု လွယ်ကူစေရေးကို အဓိကထား ဆောင်ရွက်ပေးနေတာပါ။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့အညီ စနစ်တကျလုပ်ရပါတယ်။ Wholesales Retail ကို နိုင်ငံခြားကုမ္ပဏီတွေကို ခွင့်ပြုပေးတဲ့ကိစ္စ ၂၀၁၃ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံက WTO အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် WTO နဲ့ အာဆီယံက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ အဆင့်လိုက် လိုက်ပါဆောင်ရွက်ရပါတယ်။
ဒါကြောင့် နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ ဒေသတွင်း စီးပွားရေးအဖွဲ့အစည်းတွေနဲ့ Inline ဖြစ်ဖို့ စဉ်းစားကြရပါတယ်။ ဒီအပေါ်မှာ Wholesale Retail လိုမျိုး၊ နိုင်ငံတကာ Shopping Mall လိုမျိုးတွေ ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် စဉ်းစားဆောင်ရွက်ပါတယ်။ ၂၀၁၃ ကတည်းက သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာမှာ နောက်ဆုံးအတည်ပြုချက်ရရှိခဲ့ပါတယ်။ ဒီအပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အတည်ပြုချက်ရယူလို့ ၂၀၁၈ မေမှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံခြားကုမ္ပဏီတွေရော၊ ပြည်တွင်းကုမ္ပဏီတွေကိုပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ခေါ်ယူ ညှိနှိုင်းရှင်းလင်းပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က နိုင်ငံတကာက Shopping Mall ကြီးတွေ လာရောက်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာမယ်။ ကျွန်တော်တို့ဆီမှာ ဝယ်ယူစားသုံးနေရတဲ့ ပစ္စည်းတွေက နိုင်ငံတကာ အဆင့်မီကုန်ပစ္စည်းတွေဖြစ်ဖို့နဲ့ နိုင်ငံတကာမှာ ပေါက်နေတဲ့ ဈေးနှုန်းအတိုင်း လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို Value Added ထုတ်လုပ်ပြီးတော့ ဒီလို Shopping Mall တွေမှာတင်မယ်။ ဒါကို နိုင်ငံတကာဈေးကွက်အထိ တင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ Shopping Mall တွေမှာလည်း ကိုယ့်နိုင်ငံကထုတ်တဲ့ Value Added လုပ်ထားတဲ့ ကုန်စည်တွေကို အဓိကဦးစားပေးပြီး ရောင်းချသွားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ Fair Competition ပေါ့။ နိုင်ငံထဲမှာပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ မျှတစွာ ယှဉ်ပြိုင်ရောင်းချဖို့ အတွက်ပါ။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်မယ်လို့ အသိပေးလိုက်တဲ့အတွက် ဂျပန်သတင်းစာတွေဆိုရင် ခေါင်းကြီးပိုင်းကနေ ရေးသားဖော်ပြကြပါတယ်။ ဒီအပေါ်မှာ အလွန် လိုလားကြောင်းကိုလည်း ပြသပါတယ်။ အလားတူပဲ အဲဒီနေ့မှာ အမေရိကန်ရဲ့ Chamber of Commerce က ကျွန်တော်တို့ ဌာနနဲ့တွေ့ဆုံပြီး လိုလားထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအပေါ် သိလိုတဲ့ အချက်တွေကို သူတို့ကမေးမြန်းပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ဂျာမန်က လုပ်ငန်းစုတစ်ခုလာပြီး ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို သူတို့နည်းပညာနဲ့ ပေါင်းစပ်ပြီး ွှ Wholesale နဲ့ Retail ရောင်းချဖို့အတွက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလည်း တရားဝင် လာရောက်ဆွေးနွေးခဲ့ပြီး မြန်မာထုတ်ကုန်တွေကို ပြည်တွင်းမှာထုတ်ပြီး ပို့ကုန်ပြန်လုပ်မယ်ဆိုပြီးတော့ ဆွေးနွေးပါတယ်။
မြန်မာ့အလင်း
ခင်ရတနာ၊ ဓာတ်ပုံ- မေဦးမိုး