ကုန်သွယ်မှုဖြင့် နိုင်ငံ့စီးပွား ဖြည့်တင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မျှော်မှန်းဆောင်ရွက်

ခင်ရတနာ၊ ဇင်ဦး၊ ဓာတ်ပုံ - သီဟစည်သူ

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော် သာမက ပုဂ္ဂလိကကဏ္ဍပါ တိုးတက်အောင်မြင်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပါသည်။


များပြားလှသည့် ၀န်ကြီးဌာန၏ လုပ်ငန်းတာ၀န်များကို ၀န်ကြီးဌာနမှ ၀န်ထမ်းများက ထမ်းဆောင်လျက်ရှိကြပြီး အများပြည်သူနှင့် သက်ဆိုင်သည့် ၀န်ဆောင်မှုကဏ္ဍများစွာကို ယခင်က ခက်ခဲကြန့်ကြာခဲ့ရသည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ကာ ပြောင်းလဲထား သည့် နည်းလမ်း၊ စည်းကမ်း၊ ဥပဒေများဖြင့် အကောင်အထည် ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာကို ဖြတ်သန်းခဲ့သည်မှာ အထင်အရှားပင်ဖြစ်ရာ ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး အပါအ၀င် တာ၀န်ရှိသူများနှင့် တွေ့ဆုံကာ ဆောင်ရွက်ချက်များစွာအနက် ကောက်နုတ်မေးမြန်း တင်ဆက်လိုက်ပါသည် -


ဒေါက်တာသန်းမြင့် (ပြည်ထောင်စုဝန်ကြီး)


မေး ။ ။ ၀န်ကြီးဌာနအနေနဲ့ အစိုးရရဲ့စတုတ္ထ (၁) နှစ်တာ အတွင်း နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်စေဖို့ သိသာထင်ရှားတဲ့ ဆောင်ရွက် ချက်တွေကို သိပါရစေ။


ဖြေ ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်မှုဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေမှာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားသလို ဒုတိယသမ္မတဦးမြင့်ဆွေ ဦးစီးတဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီမှာ ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်ရတဲ့အတွက် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းတွေနဲ့ အဆက်မပြတ် ဆက်သွယ်ပြီး သတင်းရယူတာ၊ မေးမြန်းမှုတွေကို ဖြေကြားတာနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီကို တင်ပြတာတွေ ဆောင်ရွက်ရပါတယ်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ အထူးစီးပွားရေးဇုန်များ ဗဟိုကော်မတီမှာ ကျွန်တော်က အတွင်းရေးမှူး ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်များ စီမံခန့်ခွဲမှု ကော်မတီမှာ ကျွန်တော်က ဥက္ကဋ္ဌ တာ၀န်ယူရပါတယ်။ အထူးစီးပွားရေးဇုန်များအပြင် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်အထူး စီးပွားရေးဇုန်များ တည်ထောင်မှုအတွက် ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်တာရှိပါ တယ်။ ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးအပြင် တိုင်းပြည်အတွက် လိုအပ်ချက်အရ နေရာအသီးသီးမှာ ပါဝင်ဆောင်ရွက်ရတာ ရှိပါတယ်။

 

မေး ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ယမန်နှစ်တွေကထက် ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပိုမိုဖြေလျှော့ပေးတာတွေ့ရပြီး ဖြေလျှော့ပေး ခဲ့တဲ့ အခြေအနေကို သိလိုပါတယ်။

 

ဖြေ ။ ။ ဝန်ကြီးဌာနက တိုင်းပြည်ကို ကုန်သွယ်ရေး တိုးတက်ဖွံ့ဖြိုးရေး၊ အထူးသဖြင့် ပြည်ပကုန်သွယ်ရေး ပို့ကုန်/သွင်းကုန်ရှိတဲ့ နေရာမှာ ပို့ကုန်ကို အထူး အလေးထား ဆောင်ရွက်ပါတယ်။ တစ်ဖက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရပြီး လုပ်ငန်းအားလုံးမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါ တယ်။ သူတို့ရဲ့ ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးရေး၊ ကူးသန်းရောင်းဝယ်မှု အဆင်ပြေရေးနဲ့ ထုတ်လုပ်သူများနဲ့ စားသုံးသူများအကြား ဆက်သွယ်ပေးရေး၊ ထုတ်လုပ်သူများနဲ့ နိုင်ငံ ခြားဈေးကွက်ရရှိရေး ဆက်သွယ်ပေးတဲ့ အလုပ်တွေ လုပ်ဆောင်ရပါတယ်။
အရင်ရှိခဲ့တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ခေတ်နဲ့မလျော်ညီတော့တဲ့ အတွက် အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းရပါတယ်။ အထူးသဖြင့် သွင်းကုန်အတွက် ပါမစ် ယူရခြင်းလုပ်ငန်းတွေမှာ များစွာဖြေလျှော့ပေးခဲ့ပါတယ်။ Negative List ဆိုတဲ့ ပို့ကုန်/သွင်းကုန် ပါမစ်ယူရတာတွေကို အများကြီး ဖြေလျှော့ပေးထားပါတယ်။ e-Commerce စနစ်ကို အသုံးချပြီး အွန်လိုင်းစနစ်နဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲ တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုကော်မတီအောက်မှာ လုပ်ငန်း ဆိုင်ရာ လွယ်ကူမှုချောမွေ့ရေး Ease of Doing Business ဆိုတဲ့ ဆပ်ကော်မတီတစ်ခုက အစိုးရဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ ထုတ်လုပ်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဘယ်လိုအခက်အခဲတွေ ရှိတယ် ဆိုတာကို အစဉ်မပြတ် ဆွေးနွေးညှိနှိုင်းပြီး ဖြေလျှော့တဲ့လုပ်ငန်းတွေကို အစိုးရဝန်ကြီး ဌာနတွေဘက်က လုပ်နိုင်သလို ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်ကလည်း ပူးပေါင်းဆောင် ရွက်တဲ့အတွက် လုပ်ငန်းပိုင်းမှာ တိုးတက်လာတာကို တွေ့ရပါတယ်။

 

မေး ။ ။ လုပ်ငန်းစီမံချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနက ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို သိပါရစေ။

 

ဖြေ ။ ။ နိုင်ငံက သဘာဝသယံဇာတ အရင်းအမြစ် ပေါများသလို လူ့စွမ်းအားအရင်းအမြစ်လည်း ရှိတဲ့အတွက် စီးပွားရေးလုပ်တာဖြစ်ဖြစ်၊ ကုန်သွယ်ရေး လုပ်တာဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းတွေနဲ့ အခွင့်အလမ်း ကောင်းတွေဖြစ်ပါတယ်။ တစ်ဖက်မှာ စိန်ခေါ်မှု တွေရှိပါတယ်။ ဥပမာ - လမ်းပန်းဆက်သွယ်ရေး အားနည်းတာ၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်ဖို့၊ ရေရရှိနိုင်ဖို့နဲ့ ဂိုဒေါင်တွေ၊ သိုလှောင်ရုံတွေ၊ သင်္ဘောဆိပ်တွေစတဲ့ သယ်ယူပို့ဆောင်ရေး ကောင်းဖို့က အလွန်အရေးကြီးပါတယ်။

 

ဒီစိန်ခေါ်မှုတွေအပြင် ပြည်တွင်းနဲ့ ပြည်ပ စိန်ခေါ်မှုတွေရှိသလို လောလောဆယ် ဆောင်ရွက်ရမယ့် စိန်ခေါ်မှုနဲ့ ရေရှည်ဖြေရှင်း ရမယ့်စိန်ခေါ်မှုတွေ ရှိပါတယ်။ ပို့ကုန်လုပ်ငန်းကို လုပ်ကိုင်တဲ့နေရာမှာ လယ်ယာထွက်ကုန်က အဓိကဖြစ်ပြီး တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းနဲ့ ရေထွက်ကုန်လုပ်ငန်းတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍ အထည်ချုပ် လုပ်ငန်းက ပို့ကုန်တွေလည်းရှိတဲ့အခါ ဒီပို့ကုန် တွေ နိုင်ငံတကာကို ရောင်းချတဲ့နေရာမှာ ယှဉ်ပြိုင်နိုင်အောင် နံပါတ်တစ်အနေနဲ့ ကိုယ့်ရဲ့ ထွက်ကုန်တွေဟာ အရည်အသွေး ကောင်းဖို့ လိုအပ်ပါတယ်။ ပို့ကုန်အတွက် စျေးကွက်ကျဉ်းမြောင်း ကိုယ့်ဆီမှာ အရည်အသွေး ကောင်းမွန်မှု လျော့နည်းတာ ရှိပါတယ်။ ဈေးနှုန်းယှဉ်ပြိုင် နိုင်အောင် ထုတ်လုပ်မှုစရိတ် သက်သာဖို့၊ ကုန်သွယ်မှုစရိတ်သက်သာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာကို လိုအပ်ရင် လိုအပ်သလို ပို့နိုင်ရ မယ်။ ဒါတွေက စိန်ခေါ်မှုတွေပါ။ ဥပမာ တစ်ဖက်က ထုတ်လုပ်မှုစရိတ် လျှော့နိုင်ဖို့ ဖြစ်ပေမယ့် တစ်ဖက်မှာ ကုန်သွယ်ရေးအပြင် ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်၊ ဖြန့်ဖြူးစရိတ်တွေ ကလည်း ကြီးနေတဲ့အတွက် ကုန်သွယ်ရေး လုပ်တဲ့အခါ ဈေးနှုန်းကြီးမှု ဖြစ်တာကြောင့် ဒါကရေရှည်ဖြေရှင်းရမယ့် စိန်ခေါ်မှု ဖြစ်ပါတယ်။ ကုန်သွယ်ရေးလုပ်တဲ့အခါ ပို့ကုန်တွေက ဈေးကွက်ကျဉ်းမြောင်းနေတာတွေ ရှိပါတယ်။ ဆန်ဆိုရင် အာဖရိက နိုင်ငံတော်တော်များများ ကိုပို့ပြီး နိုင်ငံပေါင်း ၆၀ လောက် ရှိပါတယ်။ သို့သော် အဓိက ကုန်တွေဖြစ်တဲ့ ပြောင်း၊ ပဲ မျိုးစုံ၊ အခြားကုန်စည်တွေကို အိမ်နီးချင်းနိုင်ငံ ဈေးကွက်တွေကို မှီခိုနေရတာရှိတယ်။ ဒီနိုင်ငံတွေရဲ့ ပေါ်လစီအပြောင်းအလဲက တစ်ခါတလေ မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းကို ထိခိုက်တာ ရှိပါတယ်။ ဒုတိယ အခက်အခဲက ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ယခုဆိုရင် ဆန်နဲ့ ပတ်သက်ပြီး ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါတယ်။ ပြောင်းကို ဝယ်ယူသူတွေ များလာတယ်။ ပဲကို ဝယ်ယူသူတွေ များလာလို့ ကုန်သွယ်မှုတိုးလာအောင် ဆောင်ရွက်နိုင်တာ ရှိပါတယ်။

 

မေး ။ ။ ဝန်ကြီးဌာနရဲ့ ဥပဒေပိုင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ချက်တွေကို သိပါရစေ။

 

ဖြေ ။ ။ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့စားသုံးသူ ကာကွယ်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ယှဉ်ပြိုင်မှု ဥပဒေ လည်း ထွက်လာပြီး ဈေးကွက်မှာ လုပ်ငန်းရှင်တွေ မျှမျှတတ ယှဉ်ပြိုင်နိုင်အောင် ယှဉ်ပြိုင်မှု ကော်မရှင်က ဆောင်ရွက်နိုင်တာ ရှိပါတယ်။ မူပိုင်ခွင့် ဥပဒေကလည်း ထွက်ပြီးပြီဆိုတော့ မူပိုင်ခွင့်ဥပဒေကို စီမံခန့်ခွဲဖို့အတွက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။

 

ကုန်သွယ်မှုဥပဒေ (Trade Law)က ဒီနှစ်အတွင်းမှာ အပြီးသတ်မှာဖြစ်လို့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေဆွဲပြီးရင် ကိုယ်တိုင် ပါမစ်ပေးတာလျှော့ပြီး ဒီဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာဝန်ကြီး ဌာနတွေ၊ သက်ဆိုင်ရာ ကုန်သည်တွေ၊ လုပ်ငန်းရှင်နဲ့ ထုတ်လုပ်သူတွေဘက်က လိုက်နာနိုင်အောင် ထိန်းကျောင်းတဲ့ လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ ရှင်သန်နိုင်ဖို့အတွက် သွင်းကုန်ပမာဏ မြင့်တက်ခြင်းက ကာကွယ်ပေးမှုဥပဒေ (Safeguard Law)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့ပြင် “လျှော့စျေးဖြင့်စုပုံ တင်ပို့ရောင်းချခြင်း (Antidumping Law)နဲ့ အစိုးရအထောက်အပံ့ ရယူ တင်ပို့ရောင်းချခြင်းတို့ကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှု ဥပဒေ(Countervailing Law)” တို့နဲ့ စပ်လျဉ်းပြီး ဥပဒေမူကြမ်း ပြုစုရေးဆွဲနေတာရှိပါတယ်။

 

ဥပဒေများ အသက်၀င် စားသုံးသူကာကွယ်ရေးဥပဒေက ပြည်သူတွေ အန္တရာယ်ကင်းစွာနဲ့ စားသုံးကုန်စည်တွေကို စားသုံးနိုင်အောင် ပညာပေးတာရှိမယ်။ ထုတ်လုပ်သူတွေ၊ ရောင်းဝယ်သူတွေကလည်း အန္တရာယ်ကင်းတဲ့ ကုန်စည်တွေကို တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်အောင် စောင့်ကြည့် စစ်ဆေးပါတယ်။ ယှဉ်ပြိုင်မှု ဥပဒေဆိုရင် ပြည်သူကြားမှာ ပညာပေးလုပ်ငန်းလုပ်ပြီး လုပ်ငန်းရှင်အချင်းချင်း ညီမျှစွာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဆောင်ရွက်ပေးပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ရည်ရွယ်ချက်အတိုင်း ပေါက်ရောက်အောင် ဆောင်ရွက်နေတဲ့အတွက် ကုန်သွယ်မှု၊ ထုတ်လုပ်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးမှုတွေအတွက် ပိုမိုကောင်းမွန်လာအောင် လုပ်ပေးတဲ့ဝန်ကြီး ဌာနတစ်ခု ဖြစ်လာပါပြီ။

 

မေး ။ ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှု၊ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးချင်တာတွေ ရှိရင်လည်း သိပါရစေ။

 

ဖြေ ။ ။ ကုန်သွယ်ရေးမှာ စိုက်ပျိုးရေး ဘက်က ထုတ်လုပ်မယ်၊ စက်မှုလုပ်ငန်းရှင်တွေဘက်က ထုတ်လုပ်မယ် သူတို့ရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ရောင်းတာဝယ်တာ ရှိတယ်။ ကုန်သည်တွေက ရောင်းတာဝယ်တာ ရှိတယ်။ စားသုံးတာရှိတယ်။ ပြည်တွင်းက စားသုံးမယ့်အပြင် ပိုလျှံတာကို နိုင်ငံခြားကို ရောင်းတယ်။ နိုင်ငံခြားက တင်သွင်းတဲ့ ပစ္စည်းတွေကို ကြီးကြပ်ခန့်ခွဲပြီး စနစ်ကျအောင် တင်သွင်းတာ လုပ်မယ်ဆိုတော့ ဒီလုပ်ငန်းအားလုံးက ဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ အားလုံး အောင်မြင်အောင် ဝန်ကြီးဌာနတွေ၊ လုပ်ငန်းရှင်တွေ၊ ထုတ်လုပ်သူ တောင်သူ လယ်သမားတွေ၊ စက်မှုလုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေက အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ကုန်စည်ပြပွဲတွေကို ပြည်ပနိုင်ငံတွေမှာ ပိုမိုလုပ်ဆောင်နိုင်ခဲ့ပြီး ပြည်တွင်းမှာဆိုရင် တောင်ပေါ်နဲ့ မြေပြန့်တွေမှာပါ ပိုမိုလုပ်ဆောင်လာတာတွေက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ အစိုးရအဖွဲ့ အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ပါလို့ ပြောကြားလိုပါတယ်။

 

ဦးအောင်ထူး (ဒုတိယဝန်ကြီး)

မေး ။ ။ စတုတ္ထ (၁) နှစ်တာအတွင်း အောင်မြင်ခဲ့တဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို သိပါရစေရှင့်။

 

ဖြေ ။ ။ ဝန်ကြီးဌာနရဲ့ အဓိက တာဝန်က ကုန်သွယ်မှု တိုးတက်မှုကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိအစိုးရ တက်လာတဲ့အချိန်မှာ ပို့ကုန်ကို ၃ ဆတိုး မြှင့်ရမယ် ရည်မှန်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ စတုတ္ထ (၁) နှစ်တာကာလမှာ ကုန်စည်တွေ တင်ပို့မှုနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ရရှိခဲ့ ပါတယ်။ ဥပမာ - တစ်နှစ်ကို ဆန် တန်ချိန် ၂ သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေ အထား ဖြစ်ပါတယ်။ ပြောင်းသီးနှံဆိုရင် တရုတ်နိုင်ငံကနေထိုင်းနိုင်ငံဘက်ကို ပိုမိုတိုးချဲ့ တင်ပို့နိုင်ခဲ့လို့ တန်ချိန် ၁ ဒသမ ၁ သန်းကျော် တင်ပို့နိုင်ဖို့ ရည်မှန်းဆောင်ရွက်နေပါတယ်။ ပဲမျိုးစုံတင်ပို့မှုက မြန်မာ့ပို့ကုန်ထဲမှာ ထိပ်ဆုံး ကနေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပဲဈေးနှုန်းတွေ ကောင်းမွန်တာကြောင့် ပဲမျိုးစုံပို့ကုန်ကနေ ဝင်ငွေများစွာ ရရှိခဲ့ပါတယ်။ ကျွဲ၊ နွားအရှင်တွေ တင်ပို့မှုက ပြီးခဲ့တဲ့ နှစ်မှာ ကျွဲ၊ နွား ကောင်ရေ ၅၀၀၀၀၀ လောက် အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုတွေ တိုးတက်လာတဲ့အတွက် ပို့ကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်က အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ၀န်းကျင်ရှိတာမို့ ကုန်သွယ်မှုလိုငွေလည်း ကျဆင်းခဲ့ပါတယ်။ ကုန်သွယ်မှု လိုငွေဟာ တစ်ချိန်က အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထက်မှာ ရှိခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးလောက် ကျဆင်းလာတာကို တွေ့ရပါတယ်။

 

မေး ။ ။ အမျိုးသားပို့ကုန်မဟာဗျူဟာနဲ့ ဦးစားပေး ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို သိပါရစေ။

 

ဖြေ ။ ။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အကူအညီနဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကာလလတ် အစီအမံချထားခဲ့ပြီး အမျိုးသား ပို့ကုန်မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၅ - ၂၀၁၉ ခုနှစ်ကနေ ဆောင်ရွက်ခဲ့တဲ့အခါ အောင်မြင်မှုကို အခြေခံ ပြီး ၂၀၂၀ - ၂၀၂၅ ခုနှစ်အထိ တိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံက အဓိက ထုတ်လုပ်တဲ့ လယ်ယာထွက်ကုန်တွေ၊ ကုန်ချောပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေ၊ ဝန်ဆောင်မှုကဏ္ဍတွေနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးဖြစ်တဲ့ အိုင်စီတီနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို တင်ပို့ရောင်းချမှုတွေအထိ တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး ။ ။ ဥပဒေပိုင်းဆိုင်ရာ ဖြေလျှော့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ရှင်းပြပေးပါရှင့်။

 

ဖြေ ။ ။ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး ဆောင် ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး စားသုံးသူတွေရဲ့ သက်သာ ချောင်ချိရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ပိုပြီးဆောင်ရွက်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်စည်တွေဟာ ပြည်တွင်းကုန်စည်တွေနဲ့ ပြိုင်ဆိုင် လာတာကြောင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ အကာအကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပကနေ ယှဉ်ပြိုင်မှု ပြင်းထန်လာတဲ့အခါမှာ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မူပိုင်ခွင့် ဥပဒေတွေနဲ့ ပတ်သက်ပြီး မူပိုင်ခွင့်ဥပဒေ ၄ ရပ်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ မူပိုင်ခွင့်ဥပဒေ ၄ ရပ်ကို တကယ်တမ်း ပြုစုတာက ပညာရေးဝန်ကြီးဌာနဖြစ်ပြီး အကောင် အထည်ဖော်ဖို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးလာ တဲ့အတွက် ဝန်ကြီးဌာနက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှု မူပိုင်ခွင့်ဥပဒေတွေကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် လာနိုင်တာနဲ့အမျှ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။

 

မေး ။ ။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို သိပါရစေ။

 

ဖြေ ။ ။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးက နိုင်ငံတော်အဆင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ပုဂ္ဂလိကကဏ္ဍနဲ့ အကြိမ်ကြိမ် တွေ့ဆုံဖြေရှင်းမှုတွေ ဆောင်ရွက်ပေးပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်မှာ လုပ်ငန်းကော်မတီ ၅ ရပ် ထူထောင်ပြီး ပုဂ္ဂလိကကဏ္ဍကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းတွေသာမက ပြည်ပက ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားကုန်သည်ကြီးများ အသင်းတွေရဲ့ အခက်အခဲတွေကို တွေ့ဆုံညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။

 

မေး ။ ။ Ease of Doing Business အတွက် ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိအောင် ရှင်းပြပေးပါရှင့်။

 

ဖြေ ။ ။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ပုဂ္ဂလိကကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ကြုံတွေ့ နေရတဲ့ ပြဿနာက အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ကြိုးနီစနစ်တွေ ရှိနေပါတယ်။ အကျင့်ပျက်ခြစားမှုတွေ ရှိနေပါတယ်။ အဆင့်တွေများနေတဲ့အပြင် ကုန်ကျစရိတ်တွေ ကြီးမြင့်နေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရမှု အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါတယ်။

 

ဆောင်ရွက်ရာမှာ စီးပွားရေးလုပ်ငန်း ထူထောင်တဲ့အခါ လွယ်ကူအောင်၊ ဆောက် လုပ်ရေးပါမစ်တွေ လွယ်ကူမှုရှိအောင်၊ လျှပ်စစ် ဓာတ်အား ပိုမိုရရှိအောင်၊ အခွန်ပေးဆောင်တဲ့ နေရာမှာ လွယ်ကူမှုရှိအောင်ဆိုတဲ့ အချက် တွေကို ဖြေရှင်းဆောင်ရွက်ပေးရပါတယ်။

 

၂၀၁၄ ခုနှစ်ကနေ စတင်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေမယ့် အညွှန်းကိန်း က သိသိသာသာ တိုးတက်မလာခဲ့ပါပဲ အညွှန်းကိန်း ၁၇၇ လောက်မှာ ရှိခဲ့ပါတယ်။

 

စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် အဆင့် ၁၆၅ လောက်အထိ တိုးတက်ရောက်ရှိလာပြီး တချို့နေရာ တွေမှာ ကုမ္ပဏီထူထောင်မှုတွေ၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ရရှိမှုတွေမှာ သိသိသာသာ တိုးတက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့အဆင့် ၁၆၅ ကနေပြီး အဆင့် ၁၀၀ အောက်ကို ရောက်ရှိဖို့ ကြိုးပမ်းနေပါတယ်။ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အဖွဲ့တွေရဲ့ အစည်းအဝေးတွေကို နှစ်ပတ်တစ်ကြိမ် ကမ္ဘာ့ဘဏ်က အတိုင်ပင်ခံတွေနဲ့ လုပ်ငန်းတွေ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး ။ ။ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သိပါရစေ။

 

ဖြေ ။ ။ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဆိုတာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးကို ဝန်ကြီးဌာနက တာဝန်ယူရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဆန်စပါး ဈေးနှုန်းကို အခြေခံဈေးနှုန်း စတင်သတ်မှတ်ခဲ့ပါတယ်။ ဒါက ပုဂ္ဂလိကကဏ္ဍကနေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန်စပါးဈေးကို နိုင်ငံတော်ကနေ ဦးဆောင်ပြီး တင်း ၁၀၀ ကို ငွေကျပ် ၅၀၀၀၀၀ နဲ့ သတ်မှတ် ခဲ့ပါတယ်။ ဒီအခြေခံဈေးနှုန်း သတ်မှတ်မှုကနေ တောင်သူလယ်သမားတွေအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အာမခံတဲ့ဈေးနှုန်း ရရှိခဲ့ပါတယ်။ ဒီဈေးနှုန်းအောက်ကို ကျမယ်ဆိုရင် နိုင်ငံတော်အစိုးရကနေ ဝင်ရောက်ပြီး ဝယ်ယူပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဝယ်ယူပေးဖို့အတွက် နိုင်ငံတော်က လှည့်ပတ်ရန်ပုံငွေကနေ ငွေကျပ် ၁၅ ဘီလီယံကို သတ်မှတ်ခွင့်ပြုပေးပါတယ်။ ဒီအပေါ်မှာမူတည်ပြီး နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆန်စပါး ဈေးနှုန်းဟာ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅၀၀၀၀၀ အောက်ကို ရောက်လား/ မရောက် လား ဆိုတာ လေ့လာရေးအဖွဲ့က လေ့လာပြီး အခြေခံဈေးနှုန်းကို သတ်မှတ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အခြေခံဈေးနှုန်းအောက် ရောက်တာကို တွေ့ရှိရပါတယ်။ ၎င်းဒေသတွေမှာ နိုင်ငံတော်က ခွဲဝေပေးထားတဲ့ ငွေကျပ် ၁၅ ဘီလီယံကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ ငွေကျပ် ၆ ဒသမ ၅ ဘီလီယံဖိုး ဝယ်ယူခဲ့ပါ တယ်။ ဒီလို ဝယ်ယူမှုကြောင့် စပါးတင်း ၁၀၀ ဈေးနှုန်းဟာ ငွေကျပ် ၅ သိန်းအောက်ကို မရောက်ဘဲ ၅ သိန်းအထက်မှာ ရှိသွားတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေ အတွက် အာမခံချက်ကို ရရှိစေခဲ့ပါတယ်။

 

မေး ။ ။ အထူး စီးပွားရေးဇုန်တွေရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတွေကို သိပါရစေ။

 

ဖြေ ။ ။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဌာနကို တာဝန်ပေးလိုက်တာက အထူးစီးပွားရေးဇုန်တွေ ထူထောင်ဖို့ကိစ္စ ဖြစ်ပါတယ်။ လက်ရှိမှာ သီလဝါ၊ ကျောက်ဖြူ နဲ့ ထား၀ယ်အထူးစီးပွားရေးဇုန်တွေ ရှိပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီပေါင်း ၁၁၂ ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၉ ဘီလီယံ လောက်ရှိတဲ့အတွက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့နဲ့ ပူးပေါင်းပြီး အကောင် အထည်ဖော်နေသလို ကျောက်ဖြူအထူး စီးပွားရေးဇုန်က ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အဆင့်မြင့်အိမ်ရာ ထူထောင်ဖို့ လုပ်ငန်းစီမံချက်တွေ ပါဝင်ပါတယ်။ တရုတ် နိုင်ငံက CITIC ကုမ္ပဏီနဲ့ ပူးပေါင်းအကောင် အထည်ဖော်လျက်ရှိပါတယ်။


နယ်စပ်စီးပွားရေးဇုန်ဖော်ဆောင်

 

မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်က ၂၀၁၇ ခုနှစ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံ ကို သွားရောက်တဲ့အချိန်မှာ နားလည်မှုစာချွန် လွှာ ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ကန်ပိုက်တီ၊ ရှမ်းပြည်နယ် မူဆယ်နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော် တို့မှာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် ထားမယ်ဆိုပြီး ညှိနှိုင်းခဲ့ပါတယ်။ လက်ရှိ မှာ မူဆယ်နဲ့ ရွှေလီအကြားမှာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ထူထောင်ဖို့အတွက် သဘောတူထားပါတယ်။ အောက်ခြေ အကောင်အထည်ဖော်မယ့် လုပ်ငန်းအဖွဲ့တွေကို နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင် ဖန်တီးရေးအတွက် ဘယ်လောက်အထိ ဆောင်ရွက်နိုင်ခဲ့သလဲ ဆိုတာကို သိပါရစေရှင့်။

 

ဖြေ ။ ။ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ အချက် အလက်များစွာ ရှိပါတယ်။ ၀န်ကြီးဌာနကနေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုအခန်း ကဏ္ဍကို ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါ တယ်။ အလုပ်အကိုင်ဖန်တီးမှုကို ဂျာမနီနိုင်ငံ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် စတာတွေနဲ့ ပူးပေါင်းပြီး အထည်ချုပ်လုပ်ငန်းတွေအပေါ် ဦးစားပေး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆောက်လုပ် ရေးလုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

 

အထည်ချုပ်လုပ်ငန်းဆိုရင် အစိုးရတာ၀န် ယူချိန်မှာ ထုတ်လုပ်မှုတန်ဖိုးက အမေရိကန် ဒေါ်လာသန်း ၅၀၀ နဲ့ အလုပ်အကိုင် ၄ သိန်း လောက် ဖန်တီးပေးတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ အထည်ချုပ်လုပ်ငန်းတွေ တိုးတက်လာတဲ့အတွက် အလုပ်သမား ၆ သိန်း လောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ပါတယ်။ ဒီထဲမှာ ၉၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်လို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်‌ပေးနိုင်ခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်း(CMP)ရဲ့ ထုတ်လုပ်မှုတန်ဖိုးကို ၄ နှစ်အတွင်းမှာ ဆယ်ဆတိုးလာပြီး ဒီနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်အထိ တိုးတက်လာမယ့် အခြေအနေ ရှိပါတယ်။

 

မေး ။ ။ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ တွေကို အသိပေးချင်တဲ့ စကားများရှိရင်လည်း ပြောကြားပေးပါဦးရှင်။

 

ဖြေ ။ ။ နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုတွေရှိပါတယ်။ ဒါတွေကို ကျော်လွှားနိုင်အောင်လို့ ကြိုးစားနေပါတယ်။ ကုန်သွယ်မှုပြုတဲ့အခါ နိုင်ငံတစ်ခု၊ နိုင်ငံအစု အသေးလေးတွေကို အားမကိုးတော့ဘဲ ဖြန့်ကြက်နိုင်အောင် ကြိုးစားနေပါတယ်။ စီးပွားရေးသံမှူး ၁၅ ဦး စေလွှတ်ထားပြီး ကုန်သွယ်မှုမြှင့်တင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။

 

ဦးအောင်စိုး(အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

မေး ။ ။ ပို့ကုန် မြှင့်တင်ရေးအတွက် ဦးစားပေးကဏ္ဍတွေရဲ့ ခွဲခြားဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို သိပါရစေရှင့်။

 

ဖြေ ။ ။ ကုန်သွယ်မှု မြှင့်တင်ရာမှာသွင်းကုန်နဲ့ ပို့ကုန် နှစ်မျိုးအနက် ပို့ကုန်ကို အဓိက မြှင့်တင်နိုင်ဖို့အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲ ဆောင်ရွက်ပါတယ်။ ဦးစားပေးကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန် ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တော ထွက်ကုန်နဲ့ အထည်ချုပ်လုပ်ငန်းတွေ ပါဝင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ ခရီးသွားလုပ်ငန်းကို ထည့်သွင်းထားပါတယ်။ ဒါတွေကို အထောက်အကူပြုမယ့် ကဏ္ဍတွေဖြစ်တဲ့ ငွေကြေး အရင်း အနှီးရရှိနိုင်ရေး၊ သတင်းအချက်အလက် ရရှိရေး (Trade Information) ကဏ္ဍ၊ အရည်အသွေး မြှင့်တင်ရေးကဏ္ဍ၊ ကုန်ကျ စရိတ်အများဆုံး ဖြစ်ပေါ်စေတဲ့ ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွေကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပထမအဆင့် ၅ နှစ်စီမံကိန်းနဲ့ ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နောက်ထပ် ၅ နှစ် စီမံကိန်းချမှတ် ဆောင်ရွက်ဖို့ လုပ်နေပါတယ်။
ဒီနှစ်အတွင်းမှာ တိုးတက်မှုက နေပြည်တော်မှာ ငွေကျပ်သိန်း ၆၀၀၀ ကျော် အကုန်အကျခံပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ ရုံးသစ်ကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဌာနအသစ်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေနဲ့ လက်ရှိရုံးနေရာနဲ့ မလုံလောက်တဲ့အတွက် သုံးထပ်အဆောက်အအုံ တည်ဆောက်ရခြင်း ဖြစ်ပါတယ်။ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ပြုစေဖို့ ငွေကျပ်သိန်း ၂၀၀၀ ကျော်စီ အကုန် အကျခံပြီး ကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနတွေကို တည်ဆောက်ပါမယ်။ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေအတွက် အထောက်အကူပြုတဲ့ ဌာနအဖြစ်နဲ့ ပံ့ပိုးကူညီသွားဖို့ အစီအစဉ် ရှိပါတယ်။

 

မေး ။ ။ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ အောင်မြင်တဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို သိပါရစေ။

 

ဖြေ ။ ။ ဒီ ၄ နှစ်ရဲ့ နောက်ဆုံးနှစ်မှာ ဦးဆောင်ပြီး ဆောင်ရွက်တာက နောက်ထပ် ၅ နှစ် စီမံကိန်းအတွက် အစ ပျိုးလိုက်တာပါ။ စိုက်ပျိုးရေးထွက်ကုန်ကနေ ပို့ကုန်မြှင့်တင်ရေး သာမက ဒစ်ဂျစ်တယ် လုပ်ငန်းတွေကို e-Commerce လို လုပ်ငန်း တွေကို စတင်ဖို့အတွက် ထည့်သွင်းပါတယ်။ Innovation and Entrepreneurship ကို အားပေးဖို့အတွက် ဦးစားပေး ကဏ္ဍတစ်ခု အနေနဲ့ ထည့်သွင်းသလို သစ်သီးဝလံတွေရဲ့ ပို့ကုန်က သိသိသာသာ တက်လာပါတယ်။ ဖရဲသီးဆိုရင် တန်ချိန် သန်းနဲ့ချီပြီး ပို့လာရပါ တယ်။ ငှက်ပျောသီးကလည်း တန်ချိန် ၇ သိန်းလောက် ပို့လာရတဲ့အတွက် သစ်သီး ဝလံ ပို့ကုန်ရဲ့ တန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၄၀၀ လောက်အထိ ဖြစ်လာတယ်။


လက်မှုပစ္စည်းတွေက သူများနိုင်ငံမှာ ဆိုရင် ပို့ကုန်ပမာဏ အင်မတန်ကြီးပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်မှုအနုပညာပစ္စည်း မျိုးစုံရှိတဲ့အတွက် ဒါတွေကို ဈေးကွက်အလား အလာရှိတဲ့ ဦးစားပေးကဏ္ဍမှာ ထည့်သွင်း ဆောင်ရွက်ပြီး နောက် ၅ နှစ်အတွက် ပို့ကုန် မဟာဗျူဟာစီမံကိန်းအတွက် စာမျက်နှာသစ် တစ်ခု ထပ်ဖွင့်တာ ဖြစ်ပါတယ်။

 

မေး ။ ။ ပို့ကုန် မြှင့်တင်ရေးအတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာ ချမှတ်ဆောင်ရွက်မှုတွေ၊ နောက်ထပ် ဦးစား ပေးပို့ကုန်တွေ ချမှတ်ဆောင်ရွက်နေမှုနဲ့ ရေရှည်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ရှိရင်လည်း သိပါရစေ။

 

ဖြေ ။ ။ ပို့ကုန် မြှင့်တင်ရေးအတွက် သတင်းအချက်အလက်ရရှိရေး ကွန်ရက် (Information Network) ကို တည်ဆောက်နိုင်ခဲ့တယ်။ ပြည်တွင်းမှာ ကုန်သွယ်ရေး စင်တာတွေကို မြို့ကြီးတိုင်းမှာ ဆောက်တာ ၁၃ ခု ရှိသွားပါပြီ။ ဒီအလားအလာ ရှိတဲ့ ပို့ကုန်တွေကို ဖော်ထုတ်ပြီး အားပေးတယ်။ စီးပွားရေးသံမှူးတွေ အသုံးပြုပြီးပို့ကုန်မြှင့်တင်ရေးအစီအစဉ် (Trade Promotion Plan) ကို ရေးဆွဲပြီး ဆောင်ရွက်ပါ တယ်။ ရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေး (Investment Promotion) နဲ့ ခရီးသွားကဏ္ဍ မြှင့်တင်ရေး (Tourism Promotion) ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

 

ဦးမြင့်လွင် (ညွှန်ကြားရေးမှူးချုပ်၊စားသုံးသူရေးရာဦးစီးဌာန)

မေး ။ ။ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ၄ နှစ်တာအတွင်း စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး သိပါရစေ။

 

ဖြေ ။ ။ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ စားသုံးသူအကာအကွယ် ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေရဲ့ အားနည်းချက်တွေ၊ ထပ်မံဖြည့်စွက်ဖို့ လိုအပ်တာတွေ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်မှာ စတင်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်မှာ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။


ဥပဒေသစ်အရ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုမှာ အဖွဲ့ဝင် ၅ ဦးကနေ ၉ ဦး ပါဝင်တဲ့ စားသုံးသူရေးရာ ကော်မတီတွေကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင် အနေနဲ့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနဲ့ပတ်သက်ပြီး ကုန်စည်တွေမှာ ဖော်ပြရမယ့် အချက်တွေ ရှိပါတယ်။ ဒီအချက်တွေကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနဲ့ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက် ပိုပြီး တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြရပါ မယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီဥပဒေကို လိုက်နာဆောင်ရွက်ရာမှာ အခက် အခဲမရှိစေဖို့ ကုန်စည်အုပ်စု ၈ ခုရဲ့ အသေး စိတ်ညွှန်ကြားချက်တွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

 

မေး ။ ။ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုကို သိပါရစေ။

 

ဖြေ ။ ။ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စားသုံးသူပြည်သူတွေကို အသိပညာပေးမှု အနေနဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ကုန်အထိ လူဦးရေ ၅ ဒသမ ၃၂ သန်းခန့်ကို အသိပညာ ပေးနိုင်ခဲ့ပါတယ်။ ဒီအသိပညာ ပေးမှုတွေက တစ်နိုင်ငံလုံးရှိ လူဦးရေ ၅၃ ဒသမ ၃၉ သန်းရဲ့ ၁၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ခဲ့ပါ တယ်။


လုပ်ငန်းဆောင်ရွက်ချက်ထဲက ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် လယ်ယာသုံးစက် ကိရိယာ တင်သွင်းထုတ်လုပ်သူတွေနဲ့ ဝယ်ယူ အသုံးပြုသူတွေအကြား နှစ်ဦးနှစ်ဖက် မျှတမှု ဖြစ်ပေါ်စေဖို့နဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးကို ရည်ရွယ်ပြီး မြန်မာနိုင်ငံ လယ်ယာသုံး စက်ကိရိယာ လုပ်ငန်းရှင်များ အသင်းကို ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။

 

မေး ။ ။ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဆောင်ရွက်နေမှုကို သိပါရစေ။

 

ဖြေ ။ ။ ပြည်တွင်း ကုန်သွယ်မှုနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အသင်းအဖွဲ့တွေ၊ သီးနှံအမျိုး အစားအလိုက် အစုအဖွဲ့တွေ၊ သီးနှံဇုန်တွေ ဖွဲ့စည်းပေးပါတယ်။ ကုန်စည်ဒိုင် တည်ထောင် ပေးရာမှာ ၂၀၀၆ ခုနှစ်မှာ ၉ ခုရှိခဲ့ရာကနေ ယခုကုန်စည်ဒိုင် ၆၅ ခုအထိ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အသင်းအဖွဲ့ ၈၉၃ သင်း၊ အစုအဖွဲ့ ၁၉၉၄ ဖွဲ့၊ ဇုန် ၄၃ ဇုန်နဲ့ ကုန်စည်ဒိုင် ၆၅ ဒိုင်ကို ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။

 

ဦးမင်းမင်း (ညွှန်ကြားရေးမှူးချုပ်၊ကုန်သွယ်ရေးဦးစီးဌာန)

မေး ။ ။ ပြည်ပကုန်သွယ်မှု ပမာဏပြောင်းလဲတိုးတက်လာမှုကို သိပါရစေ။


ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပမာဏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တိုးတက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် Mini Budget မှာ နှစ်တစ်ဝက်စာ ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၁၉ ဘီလီယံလောက် ရရှိခဲ့ပါ တယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံရောက်ရှိခဲ့တယ်ဆိုတော့ ကုန်သွယ် မှုက နှစ်စဉ်တိုးတက်လျက်ရှိပါတယ်။၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိပါတယ်။ ဒီထဲမှာ ကုန်သွယ်မှုလိုငွေဟာ ပို့ကုန်နဲ့ သွင်းကုန် အချိုးမမျှတဘူးဆိုရင် ကုန်သွယ်မှု လိုငွေပြတယ်လို့ သုံးပါတယ်။ ကုန်သွယ်မှု လိုငွေဟာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁ ဘီလီယံ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၁ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါကို အဆင့်ဆင့် လျှော့ချလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်ရှိခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ နှစ် နှစ်ပြည့်နဲ့ ပြန်ယူမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံရှိခဲ့တဲ့အတွက် ဒါကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။

 

မေး ။ ။ ကုန်သွယ်မှု တိုးတက်အောင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးမှုတွေကို သိပါရစေ။

 

ဖြေ ။ ။ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ရှင်သန်နိုင်ဖို့အတွက် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ် ပေးမှုဥပဒေ (Safeguard Law) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ အတည်ပြုပြဋ္ဌာန်း ခဲ့ပါတယ်။ ဒါ့အပြင် “လျှော့စျေးဖြင့် စုပုံတင်ပို့ ရောင်းချခြင်း (Antidumping Law)နဲ့ အစိုးရထောက်အပံ့ ရယူတင်ပို့ရောင်းချခြင်း တို့ကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှု ဥပဒေ(Countervailing Law)” တို့နဲ့စပ်လျဉ်းပြီး ဥပဒေမူကြမ်း ပြုစုရေးဆွဲနေတာရှိပါတယ်။

 

မေး ။ ။ လုပ်ထုံးလုပ်နည်း ဖြေလျှော့ပေးတဲ့လုပ်ငန်းတွေကို သိပါရစေ။

 

ဖြေ ။ ။ ပို့ကုန်ပိုင်းမှာ ယခင်က တားမြစ်ထားတဲ့ ကုန်စည်တွေအများကြီး ရှိပါတယ်။ ဆီထွက်သီးနှံနဲ့ တိရစ္ဆာန်အရှင်တွေ ကျွဲနွားတွေကို ယခုတင်ပို့လို့ရနေပါပြီ။ အဲဒီလို မျိုး ပို့ကုန်ကို ခေတ်နဲ့လျော်ညီအောင် ဆောင်ရွက်လျက် ရှိပါတယ်။ သွင်းကုန်မှာ ၂၀၁၂ ခုနှစ် ရှေ့ပိုင်းလောက်မှာ ဘယ်ပစ္စည်း မဆို တင်သွင်းရင် သွင်းကုန်လိုင်စင် လျှောက် ထားရတာရှိပါတယ်။ လက်ရှိမှာ H.S Code လို့ခေါ်တဲ့ Hamonite System က Ten Digit Level မှာ H.S Code ကို ပိုင်းခြားလိုက်လို့ ရှိရင် 2017 Version အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုတဲ့ စုစုပေါင်း ၁၀၀၀၀ ကျော်မှာ ကုန်စည်လိုင်း ၄၆၁၃ လိုင်းကို လိုင်စင်လျှောက်ထားဖို့လိုတယ်လို့ သတ်မှတ်ပြီး ကျန်တဲ့ ၅၀၀၀ ကျော်က လိုင်စင် လျှောက်ထားဖို့ မလိုတော့ဘဲ လုပ်ငန်းစဉ်တွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ သွင်းကုန်လိုင်စင်ကြေးနှုန်းထားတွေကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက စတင်ပြီး သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း ရက်ပေါင်း ၆၀ ပြည့်မြောက်တဲ့နေ့မှာ စတင် ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC) အောက်မှာ မဟုတ်တဲ့ နိုင်ငံခြားကုမ္ပဏီတွေ၊ အစိုးရ မဟုတ်သော ပြည်ပအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားကုမ္ပဏီရုံးခွဲတွေ ဖွင့်လှစ်ရာမှာ ပစ္စည်း တွေတင်သွင်းတဲ့အခါမှာ ကန့်သတ်ထားတာကို ဖယ်ရှားပေးပြီး ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေသောပစ္စည်းတွေကို တင်သွင်းခွင့်ပြုခဲ့ပါတယ်။


ပို့ကုန်အမျိုးအစားများစွာ ဖြေလျှော့ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးတွေနဲ့ ဆေးရုံသုံးကိရိယာတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ကိရိယာတွေ တင်သွင်းရောင်းချခြင်း (ကုန်သွယ်ခြင်း)ကို ယခင်က နိုင်ငံခြားကုမ္ပဏီတွေကို ကုန်သွယ်ခွင့် မပြုခဲ့ပါဘူး။ ယခု အချိန်မှာ လက်လီ/ လက်ကား လုပ်ငန်းစဉ်အောက်မှာ သူတို့က ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုပုံစံ တစ်မျိုး၊ မြန်မာနိုင်ငံသားနဲ့ ပူးပေါင်းမယ်ဆိုရင် ပုံစံတစ်မျိုး စသည်ဖြင့် မှတ်ပုံတင်မှု အခြေအနေတွေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားသားကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ ဆောင်ရွက်နေတဲ့ ပို့ကုန်တွေ ကို ပိုများများ ပို့ချင်တော့ အဆင့်မြင့် ထုတ်လုပ်ထားတဲ့ တစ်ဝက်တစ်ပျက် ကုန်ချော (သို့မဟုတ်) ကုန်ချောပစ္စည်းတွေ၊ သစ်အခြေခံ ပရိဘောဂ ပစ္စည်းတွေ စတဲ့ ကုန်ပစ္စည်းအုပ်စု ၇ မျိုးကို နိုင်ငံခြားကုမ္ပဏီတွေ တင်ပို့ခွင့် ပြုခြင်းကို ၂၀၁၉ ခုနှစ် ဇွန်လမှာ ခွင့်ပြုပေး နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin - CO Form) တွေကို ၂၀၁၉ ခုနှစ် ဧပြီလမှာ အွန်လိုင်းစနစ်နဲ့ စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တာ ယခုဆိုရင် CO Form စောင်ရေပေါင်း ၄၇၉၆၁ စောင် ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

 

မေး ။ ။ e-Government ဆောင်ရွက် ထားနေမှုကို သိပါရစေ။

 

ဖြေ ။ ။ ဝန်ကြီးဌာနရဲ့ e-Government အကောင်အထည်ဖော်ဖို့ကိုလည်း ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကို “Data ID Card System ရယ်၊ Digital Government Strategy နဲ့ e-Government System တို့ကိုထူထောင်ရန်” ဆိုတဲ့ မူဝါဒချမှတ်ထားရှိခဲ့ပြီး အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် ကွန်ပျူတာသုံး မြန်မာစာစံစနစ် (ပြည်ထောင်စုဖောင့်)ကို သုံးဖို့ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲတွေနဲ့ နယ်စခန်းတွေမှာ နည်းပညာပိုင်းအရ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ ပါတယ်။ ဝန်ကြီးဌာနမှာရှိတဲ့ ပို့ကုန်/ သွင်းကုန် လိုင်စင်လုပ်ငန်းတွေအပိုင်းမှာ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ သက်ဆိုင်တဲ့ Developer ရွေးချယ်တာတို့၊ ဌာနတွေနဲ့ ညှိနှိုင်းတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆော့ဖ်ဝဲရေးဆွဲတဲ့အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ Application တွေ ပြီးသွားခဲ့လို့ရှိရင် ဌာနဆိုင်ရာတွေကို စမ်းသပ်တဲ့လုပ်ငန်းစဉ်တွေကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်လောက်မှာ စပြီးဆောင်ရွက်ပါမယ်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ အများပြည်သူအသုံးပြုနိုင်ဖို့အတွက် ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အရင်တုန်းက ပို့ကုန်/သွင်းကုန် လုပ်ငန်းတွေကို မှတ်ပုံတင်တဲ့စနစ်က သီးခြားမှတ်ပုံ တင်ပါတယ်။ ကုမ္ပဏီများမှတ်ပုံတင်တဲ့ ဌာန ဖြစ်တဲ့ DICA ကလည်း ကုမ္ပဏီမှတ်ပုံတင် နံပါတ်ကို ထုတ်ပေးတယ်။ အဲ့ဒီတော့ ကုမ္ပဏီတစ်ခုကို ဌာနတစ်ခုမှာ နံပါတ်တစ်ခုဖြစ်နေရာကနေ တူညီတဲ့ မှတ်ပုံတင်နံပါတ်ဖြစ်ဖို့ကို DICA ထုတ်ပေးတဲ့နံပါတ်ကို ကျွန်တော်တို့ရဲ့ ပို့ကုန်/ သွင်းကုန် လုပ်ငန်းမှတ်ပုံတင် နံပါတ်အဖြစ် ပြောင်းလဲသုံးစွဲပြီး အချက်အလက်တွေပေးတဲ့ အကောက်အခွန်နဲ့ ပြည်တွင်းအခွန်တို့လို ဌာနတွေကလည်း ဒီစနစ်ကို ချိတ်ဆက် ဆောင်ရွက်နိုင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ API လို့ခေါ်တဲ့ Service တွေ အသုံးပြုပြီး အလိုအလျောက်ပေးပို့တာတွေ ဆောင်ရွက်ဖို့အထိ စီစဉ်နေတာတွေ ရှိပါတယ် ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။