ရန်ကုန်  ၁၂   စက်တင်ဘာ  

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကြီးကြပ်မှု မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း ဦးဆောင်မှုဖြင့် ကမ္ဘာ့အဆင့်မီ အအေးခန်းနှင့် အေးခဲထားရန် ပစ္စည်းများ သိုလှောင်ထားနိုင်သည့် ကုန်သွယ်ပို့ဆောင်ရေး ဆိုင်ရာဝန်ဆောင်မှုပေးနိုင်သော ဘက်စုံသုံး အဆောက်အုံဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သာကေတ စက်မှုဇုန်အတွင်း၌ ဖွင့်လှစ်သည်။ 

အဆိုပါ နိုင်ငံတကာအဆင့်မီ အအေးခန်းသိုလှောင်ရုံများကို ဂျပန်နိုင်ငံ Fukulla & Partners Co, Ltd က လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ယနေ့ဖွင့်လှစ်သော L.L Town သာကေတသည် မြေဧရိယာ ၉၀၉၅ ဒသမ ၆ စတုရန်းမီတာနှင့် ကြမ်းခင်းဧရိယာ ၁၀ဝ၈၁ စတုရန်းမီတာပေါ်တွင် စီးပွားရေးလုပ်ငန်းများအတွက် ဘက်စုံ အသုံးပြုနိုင်သော အအေးခန်း အဆောက်အအုံ (A), (B) နှင့် (C) တို့ကို တည်ဆောက်နေခြင်း ဖြစ်ကာ Tem perature သုံးမျိုး အသုံးပြုနိုင်သော အ ဆောက်အအုံ B ကို ယနေ့ ဖွင့်လှစ်ခြင်းဖြစ်သည်။ အကောင်အထည်ဖော် တည်ဆောင်မည့် အဆောက်အအုံများတွင် ဝန်ဆောင်မှုပေးနိုင်မည့် အအေးခန်းသုံးခန်း၊ ရုံးခန်းများ၊ ဂိုထောင်များ၊ ပညာရေးဆိုင်ရာသင်တန်းခန်းမများ၊ ငှားရမ်းအသုံးပြုနိုင်သည့် စည်းဝေးခန်းမများ ပါဝင်မည်ဖြစ်သည်။ 

ဒီကုန်သွယ်ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်သော အဆောက်အအုံများ တည်ဆောက်စဉ် ကာလက အခက်အခဲ ပေါင်းများစွာရှိခဲ့သော်လည်း မြန်မာနိုင်ငံရောက် ဂျပန်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား မိတ်ဆွေများ၊ တာဝန်ရှိသူများ၏ အကူအညီနှင့် အကြံပြုချက်များကြောင့် အဆင်ပြေစွာပြီးစီးပြီး အကူညီပေးခဲ့သူများကိုလည်း အထူးကျေးဇူးတင်ကြောင်း တာဝန်ယူတည်ဆောင်သော FLP Tharkayt Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ဖူကူဒါက  ယနေ့ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ယနေ့တွင် L.L Town သာကေတမှ အဆောက်အအုံ (B) ကို ကနဦးဖွင့်လှစ်ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘက်စုံသုံးအအေးခန်း အဆောက်အအုံ (C) ကို လာမည့် ၂၀၂၀ ဖေဖော်ဝါရီ တွင်လည်းကောင်း၊ အဆောက်အအုံ (A)ကို ၂၀၂၀ ခုနှစ် စက်တင်ဘာတွင်လည်းကောင်း တည်ဆောက်ပြီးစီးရန် လျာထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် L.L Town သာကေတ နှင့်ပတ်သက်၍ “ မြန်မာနိုင်ငံက စီးပွားရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုမယ်လို့ ယုံကြည်သလို မြန်မာနိုင်ငံရဲ့ စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်မှု တည်မြဲအောင် တည်မြဲရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု တာဝန်ယူတည်ဆောင်နေသော FLP Tharkayt Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ဖူကူဒါက ပြောကြားသည်။ 

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော အကောင်အထည်ဖော်သော Fukulla & Partners Co, Ltd သည် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မူများနှင့် ထောက်ပံ့ ပိုဆောင်ရေးဆိုင်ရာလုပ်ငန်းများ အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် လုပ်ငန်းစီမံကိန်းအား ကြီးကြပ်ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်နေသည့် ဂျပန်နိုင်ငံအခြေဆိုက် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သော ဘက်စုံသုံး အအေးခန်း ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း၊ မြန်မာ့စက်မှုလုပ်ငန်းနှင့် အခြားသော ဆက်စပ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သာကေတစက်မှုဇုန်မှ တာဝန်ရှိသူများ၊ FLP Tharkayta Co.,Ltd မှ ဝန်ဆောင်မှု ရယူလုပ်ကိုင်နေသည့် လုပ်ငန်းများမှ ဧည့်သည်တော်လုပ်ငန်းရှင်များ တက်ရောက်သည်။ 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်