၂၅  ဖေဖော်ဝါ

အမေရိကန်နဲ့ အိန္ဒိယတို့ကြား ကုန်သွယ်ရေးဟာ အဆင်ပြေပြေချောမွေ့စွာ ဖြစ်ထွန်းခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်သာ ပထမဦးစားပေးဆိုပြီး ကြွေးကြော်ထားတဲ့သမ္မတထရမ့်နဲ့ အိန္ဒိယထုတ်ကုန်တွေကို အလေးထားတဲ့ ဝန်ကြီးချုပ်မိုဒီတို့ လက်ထက်ရောက်တဲ့အခါမှာတော့ အခြေအနေဟာ ပိုဆိုးလာခဲ့ပါတယ်။

ခရီးစဉ်စတင်

လက်ရှိအချိန်မှာ တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဟာလည်း အရင်ကလောက် မဟုတ်တော့ဘဲ အားပျော့လာတဲ့အချိန် ထရမ့်ရဲ့ ဦးတည်ချက်ဟာ ကမ္ဘာပေါ်မှာ ငါးခုမြောက်စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံလို့ တင်စားရတဲ့ အိန္ဒိယဆီဦးတည် လာပါတယ်။ အမေရိကန်သမ္မတ ထရမ့်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာပဲ စတင်လိုက်ပြီဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် စီးပွားရေးကဏ္ဍမှာ နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့တာတွေ ရှိတယ်လို့ သမ္မတထရမ့်က အိန္ဒိယခရီးစဉ် မစတင်မီ ပြောကြားခဲ့ပါတယ်။

သွင်းကုန်စည်းကြပ်မှုမြင့်

အမေရိကန် သမ္မတထရမ့်ဟာ အိန္ဒိယသို့ ၃၆ နာရီကြာ ခရီးသွားမှာဖြစ်ပြီး အာမီဒါဘတ်၊ အာဂရာနဲ့ နယူးဒေလီတို့ကို သွားရောက်မှာပဲဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်မှာ ကုန်သွယ်ရေးဝန်ကြီး ဝေလ်ဘာရို့စ်နဲ့ အခြားလူတွေလည်း လိုက်ပါမှာပါ။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအရ အဓိကယှဉ်ပြိုင်ရတဲ့ အကြောင်းအရာကို လေ့လာကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံအထိ ထိခိုက်ခဲ့တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အဲဒီကာလအတွင်း အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကတော့ ၂၅ ဘီလီယံပါ။ ဒီပမာဏဟာ အမေရိကန်သမ္မတထရမ့်ကို မခံချိမခံသာ ဖြစ်စေတဲ့အကြောင်း အရာပါပဲ။ အိန္ဒိယဟာ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးတဲ့စနစ်ကို ကျင့်သုံးတဲ့နေရာမှာ နာမည်ကြီးပါပဲ။ သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်မှုဟာလည်း ကမ္ဘာပေါ်မှာ အမြင့်ဆုံးပါပဲ။

စီးပွားရေးတိုးတက်မှုကျဆင်း

လက်ရှိအချိန်မှာတော့ အိန္ဒိယရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှုဟာလည်း အရှိန်ကောင်းလာပါတယ်။ နောက်ပြီး ဘဏ္ဍာရေးလိုငွေပြမှုဟာလည်း ပိုမိုကြီးမားလာပါတယ်။ အဲဒီအခြေအနေတွေကို မပြောင်းလဲနိုင်သေးပါဘူး။ လယ်သမားတွေဆီက ဖိအားတွေနဲ့ ဈေးချိုတဲ့ တရုတ်သွင်းကုန် ပစ္စည်းတွေကို ကြောက်ရွံ့တာကြောင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နိုဝင်ဘာလအတွင်းမှာ ဒေသဆိုင်ရာ စီးပွားရေးမိတ်ဖက် RCEP အဖွဲ့အစည်းနဲ့ချိတ်ဆက်ဖို့ရာ တွန့်ဆုတ်နေခဲ့ပါတယ်။ RCEP ကတော့ အာရှပစိဖိတ်ဒေသနဲ့ အာဆီယံ ၁၀ နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယား တို့ဟာလည်း မိတ်ဖက်ငါးနိုင်ငံအဖြစ် ပါဝင်ပါတယ်။

အမေရိကန်ကုန်ပစ္စည်းများအပေါ်အခွန်တိုး

မကြာသေးခင်လများအတွင်း ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရအဖွဲ့ဟာ အမေရိကန် ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်တိုးမြှင့်ခဲ့ပါတယ်။ အာရှရဲ့ တတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံလို့ တင်စားရတဲ့ အိန္ဒိယနိုင်ငံဆီ တင်သွင်းမယ့်ဒေါ်လာ သန်း ၆၀ဝ တန် အမေရိကန် ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှုပြု လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဗာဒံစေ့၊ ပန်းသီး၊ စတီး၊ ဓာတုဗေဒပစ္စည်းတွေလည်း အပါအဝင်ပါပဲ။ မကြာသေးမီ ဘဏ္ဍာရေးနှစ်မှာတော့ ရှူးဖိနပ်၊ ကလေးသုံးပစ္စည်းတွေအပေါ် အိန္ဒိယအခွန်စည်းကြပ်မှု ပြုလုပ်ခဲ့တဲ့အတွက် အမေရိကန်ဘက်ကို ဒေါသထွက်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်တင်ဇာရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အမေရိကန်အတွက် ဒေါသထွက်စရာ

အိန္ဒိယမှာကုန်ပစ္စည်းတွေထုတ်လုပ်ဖို့အားသန်တဲ့မိုဒီကြောင့် နိုင်ငံခြားကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံအတွင်းမှာပဲ ကုန်ပစ္စည်းထုတ်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒါကြောင့်အမေရိကန်ရဲ့ သွင်းကုန်ပစ္စည်းတွေ လျှော့ချဖို့ဖြစ်လာပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေကို အိန္ဒိယဖောက်သည်တွေရဲ့ အချက်အလက်တွေကို ပြည်တွင်းမှာပဲ သိမ်းဆည်းထားဖို့ စီစဉ်ခဲ့တာကြောင့် အမေရိကန်ကုမ္ပဏီတွေအတွက် ဒေါသထွက်စရာပါပဲ။ အိန္ဒိယရဲ့ စီးပွားရေး လှုပ်ရှားမှုတွေကြောင့် ပြည်တွင်းလုပ်ငန်းတွေအပေါ် အကာအကွယ်ပေးမှုဟာ ပိုပိုပြီး ကြီးမားလာတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိကြီး တစ်ဦးက သမ္မတထရမ့်ရဲ့ ခရီးစဉ်မတိုင်မီပြောကြားခဲ့ပါတယ်။

အိန္ဒိယကိုအထိနာစေခဲ့

အိန္ဒိယရဲ့ လုပ်ဆောင်မှုတွေဟာလည်း အကြောင်းမဲ့ သက်သက်ပေါ်ပေါက်လာရတာတော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဟာ အိန္ဒိယနဲ့ အခြားသောနိုင်ငံတွေဆီက သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်စည်းကြပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယဘက်ကလည်း အခုလို ဆောင်ရွက်မှုတွေ ပြုလုပ်ရတာပါ။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးသော သံမဏိထုတ်လုပ်တဲ့ နိုင်ငံပါ။ လွန်ခဲ့တဲ့ နှစ်ကလည်း ထရမ့်အစိုးရအဖွဲ့ဟာ အိန္ဒိယအပေါ် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ဆိုင်းငံ့ခဲ့ပါတယ်။ ကုန်သွယ်ရေး အထူးအခွင့်အရေးကြောင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ ကူးသန်းရောင်းဝယ်ခွင့် ရထားတာပါ။ ဒီအချက်ကြောင့်လည်း အိန္ဒိယကို အထိနာစေခဲ့ပါတယ်။

အမာခံမဲဆန္ဒရှင်များ

အမေရိကန်ဟာ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေကို အိန္ဒိယကို ပိုမိုတင်သွင်းခွင့် ရလိုပါတယ်။ နောက်ပြီး သမ္မတထရမ့်ရဲ့ အမာခံမဲဆန္ဒရှင်တွေကတော့ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ လယ်သမားတွေပါပဲ။ လယ်သမားတွေဟာလည်း သူတို့ရဲ့ နို့ထွက်ပစ္စည်းတွေကို အိန္ဒိယကို ပိုမိုတင်ပို့လိုပါတယ်။ သမ္မတ ထရမ့်လိုပါပဲ။ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ အမာခံမဲဆန္ဒရှင်တွေဟာလည်း တောင်သူလယ်သမားတွေပါပဲ။ အခု အမေရိကန် သမ္မတထရမ့်ရဲ့ ခရီးစဉ်မှာတော့ လုံခြုံရေးအပြင် အခြားသော ကိစ္စရပ်တွေလည်း ပါဝင်လိမ့်မယ်။ ထရမ့်နဲ့ မိုဒီတို့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးခရစ်ကက် အားကစားရုံကြီးအတွင်းမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ချိန်မှာတော့ သမ္မတကတော် မယ်လာနီယာကတော့ တာ့ဂျ်မဟာမှာ နေဝင်ချိန်ကိုကြည့်ရှုမှာပါ။

အလောတကြီး လုပ်ဆောင်ဖို့မလို

မိုဒီနဲ့ထရမ့်ကတော့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို မျှော်လင့်ထားကြပါတယ်။ ကုန်သွယ်ရေး သဘောတူညီမှုမှာ အင်ဂျင်ပါဝါကြီးတဲ့ ဟာလေဒေဗစ်ဆင် ဆိုင်ကယ်အပေါ် အိန္ဒိယ အခွန်စည်းကြပ်မှု လျှော့ချပေးဖို့နဲ့ တိရစ္ဆာန်အစာအပါအဝင် လယ်ယာထွက်ကုန်တွေ အပေါ်မှာအခွန်စည်းကြပ်မှု လျှော့ချပေးဖို့ ပါဝင်လိမ့်မယ်လို့ ဘလွန်းဘာ့ဂျ်နယူးမှာ ရေးသားဖော်ပြ ထားပါတယ်။

ကုန်သွယ်ရေးစာချုပ်ကို အလောတကြီး လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါဝင်တဲ့ အကြောင်းအရာ တွေဟာရှုပ်ထွေးပြီး ဆုံးဖြတ်ချက်တွေဟာလည်း လက်ရှိမြေပြင်ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လူသန်းပေါင်းများစွာရဲ့ ဘ၀တွေကို ရိုက်ခတ်နိုင်တာကြောင့်ပါလို့ အိန္ဒိယအစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အခက်အခဲတွေရှိနေ

အိန္ဒိယရော အမေရိကန်ပါ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ကြပါတယ်။ အခုခရီးစဉ်ဟာ သမ္မတ ထရမ့်ရဲ့ ပထမဆုံး အိန္ဒိယခရီးစဉ်လည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတထရမ့်ရဲ့ အမေရိကန်သာ ပထမဦးစားပေးမူဝါဒနဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယတွင် ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့အကြား ကုန်သွယ်ရေး သဘောတူညီမှုမှာ အခက်အခဲတွေ တွေ့နေရတာတော့ အမှန်ပါပဲ။ ။

ခြူးစန္ဒီနွေး

ကိုးကား-အေအက်ဖ်ပီ