နေပြည်တော် ၊ ဇန်နဝါရီ  ၁၉

 

ကုန်သွယ်ရေးဇုန်/ စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပသည်။  

ဦးစွာ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၆) ချက် ချမှတ်ခဲ့ပြီး ပထမအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာ ဌာနများမှ ကဏ္ဍာအလိုက် ပြုစုတင်ပြလာခဲ့ရာ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသော်လည်း အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေးသည်ကို တွေ့ရှိရကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေးလုပ်ငန်း ကော်မတီများ၊ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ၊ လက်ရှိနယ်စပ် စစ်ဆေးရေး စခန်းများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ အခြေအနေ၊ လက်ရှိစခန်းများ၏ ထပ်မံတိုးချဲ့နိုင်မှု၊ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပို့ကုန်/သွင်းကုန်ပမာဏ၊ နယ်နိမိတ် တိုင်းတာရန် လိုအပ်မှုရှိ/မရှိ အခြေအနေ၊ လျာထားမြေ ဧရိယာရရှိနိုင်မှုနှင့် ကုန်ကျမည့် ကုန်ကျစရိတ် တွက်ချက်တင်ပြလာမှု၊ တစ်ဖက်နိုင်ငံမှ နယ်စပ်မျဉ်းအနီး ကုန်သွယ်‌ရေးဇုန်/ စခန်း တည်ဆောက်ထားမှုနှင့် လက်ရှိလုံခြုံရေး အခြေအနေတို့အပေါ် မူတည်၍ နယ်စပ်မျဉ်းအနီး ကုန်သွယ်ရေးဇုန်/ စခန်း တည်ဆောက်နိုင်ရေးအတွက် ဦးစားပေးခွဲ၍ ဆောင်ရွက်သင့်သည်ကို တွေ့ရကြောင်း။

 

သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ် အစီရင်ခံရေး လုပ်ငန်းကော်မတီများမှ ဆွေးနွေးတင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး နိုင်ငံတကာ လုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေး ဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစုတင်ပြသွားမည် ဖြစ်ကြောင်း၊ လေ့လာသုံးသပ်အစီရင်ံရေး ကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ် အစီရင်ခံရေးလုပ်ငန်းကော်မတီများအနေဖြင့် ကုန်သွယ်ရေး ဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာစံနှုန်း/ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ညီညွတ်ခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိ/မရှိ၊ နိုင်ငံတကာ ဥပဒေစံနှုန်းများ၊ ပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းရှိ/မရှိ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မှု ရှိ/မရှိစသည်တို့ကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်