ရန်ကုန် ဇူလိုင် ၂
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်နှစ်ကြာတက်ရောက်ရမည့် သင်တန်း၌ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ် ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ဖြစ်သည်။
သင်တန်းများမှပြီးဆုံးပါက ပေးအပ်မည့်ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diplo ma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ် နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technol ogy)တို့ ဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်း အရာရှိလောင်းသင်တန်းနှင့် ကုန်သွယ် ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ)ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့်အောင်မြင်ပြီး စုစုပေါင်း ရမှတ် အနည်းဆုံး (၃၉၀) ရှိရမည်ဖြစ်သည်။
အဆိုပါသင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစပြီး ဩဂုတ်လ ၃၀ ရက်အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်သည်။
ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိဒီပလိုမာသင်တန်းများတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်း သင်တန်းအတွက် (၁၃၀)ဦး၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၃၀) ဦးနှင့် ကုန်သွယ်ရေကြောင်း လျှပ်စစ်နည်းပညာအရာရှိလောင်း သင်တန်းအတွက် (၄၀)ဦးတို့ အသီးသီး လက်ခံသွားမည်ဖြစ်သည်။
ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် သင်တန်း ဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို မော်ကွန်းထိန်း ရုံး၊ သင်တန်းဌာနများသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်-MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
TWA


