ပြည်သူများ လူမှုစီးပွားမြင့်မားတိုးတက်ရေး၊ ကုန်စည်စီးဆင်းရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့ရေးအတွက် အခြေခံကုန်ထုတ်လုပ်ငန်းများ ရှင်သန်ထွန်းကားရေးကို အလေးထားဆောင်ရွက်ကြသည်။ စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများသည်ပင် အခြေခံကုန်ထုတ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေကြသည်။ အခြေခံကုန်ထုတ်လုပ်ငန်းများသည် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်း အားလုံး ဖြစ်သည်။

မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်းကြီးများ မထွန်းကားသေးသည့်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖြင့် လူမှုစီးပွားဘဝ စည်ပင်ဖွံ့ဖြိုးအောင် ကြိုးပမ်း လည်ပတ်လျက် ရှိသည်။ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများအနက်ပုဂ္ဂလိကအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၉ ရာခိုင်နှုန်းရှိသည်ဆိုသော်လည်း ကုန်ထုတ်လုပ်မှု အရည်အချင်း လိုအပ်ချက်များကြောင့် အရည်အသွေးကောင်းမွန်သော ပြည်ပသွင်းကုန်များကို အားထားနေဆဲဖြစ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်လျှင် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင် ၄၀ ဖြင့်လုပ်ငန်းတာဝန် ၁၄ ရပ် ချမှတ်ကာ အကောင်အထည်ဖော်ရာ တွင် လုပ်ငန်း သုံးသပ်မှုနှင့် အကောင်အထည်ဖော်ရေးအဖွဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုအရင်းအမြစ်များ ပေါများြွကယ်ဝသည့် နိုင်ငံဖြစ်သည်နှင့်အညီ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုခေတ်မီနည်းစနစ်များဖြင့် စနစ်တကျအကောင်အထည်ဖော်နိုင်ပါက ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်လာမည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုဆန်းသစ်၍ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ ချဲ့ထွင်နိုင်ရေး၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသိဉာဏ်မြင့်မားလာစေရေး၊ ပြည်တွင်း၊ ပြည်ပ MSMEsများဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်ရေး၊ လိုအပ်သည့်အရင်းအနှီး အတွက် ချေးငွေများ ရရှိနိုင်ရေး၊ ခေတ်နှင့်အညီ ပြောင်းလဲနေသည့်နည်းစနစ်များ၊ မဟာဗျူဟာများနှင့် သတင်းအချက်အလက်များကိုစဉ်ဆက်မပြတ် သိရှိနိုင်ရေးနှင့် အရည်အချင်းပြည့်ဝသော နိုင်ငံတကာ အဆင့်မီ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာစေရန်အတွက်အဓိကအချက်မှာ စက်မှုနည်းပညာများ၊ ကုန်ထုတ်လုပ်မှုအရင်းအနှီးများ နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဈေးကွက်စီးဆင်းမှု မှန်ကန်ရေးဖြစ်၍ ယင်းတို့ကို တိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်း ကြံဆဆောင်ရွက်ကြရမည်ဖြစ်သည်။ ထုတ်ကုန်ယှဉ်ပြိုင်နိုင်မှုစွမ်းရည် စဉ်ဆက်မပြတ်မြင့်မားတိုးတက်နေပါက အသေးစား၊ အငယ်စား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာကာ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ တိုးတက်ပေါ်ထွန်းလာပြီး ဝင်ငွေများ တိုးတက်ရရှိလာမည် ဖြစ်သည်။ မျက်မှောက်ကာလ ပြည်ပအလုပ်အကိုင်များသို့ပြည်တွင်းလုပ်သားများ ထွက်ခွာနေမှုများနှင့် ပြည်ပသွင်းကုန်များအား မှီခိုအားထားနေရမှုများကို သတိမူသင်ခန်းစာယူကာ တီထွင်ကြံဆ ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနက် ၉၉ ရာခိုင်နှုန်းရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ညီညီညွတ်ညွတ် ပူးပေါင်း လက်တွဲ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွား မြင့်မားတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း။ ကြေးမုံ