ကုန်ထုတ်စွမ်းအားမြှင့်တင် တိုင်းပြည်စီးပွားတိုးတက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် ကျေးလက်စီးပွား ကုန်ထုတ် လုပ်ငန်းများကို  ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်လျှင် တိုင်းပြည်လူမှု စီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

 

ကျေးလက်စီးပွား ကုန်ထုတ်လုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက ရှိပြီး ရေခံ၊ မြေခံအခြေခံ ကောင်းပေါ်တွင် သမားရိုးကျလုပ်ရိုးလုပ်စဉ်အတိုင်း များသော အားဖြင့် လုပ်ကိုင်ကြသည်။ ရေခံ၊ မြေခံကောင်းများနှင့် စွမ်းအားအရင်းအမြစ်များ ရှိနေသော်လည်း ခေတ်မီနည်းစနစ်၊ သုတေသန ရှာဖွေဖော်ထုတ်မှုအသစ်များဖြင့်  ဆောင်ရွက်နိုင်မှု အားနည်းသောကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထင်သလောက်  ခရီးမပေါက်ဖြစ်နေသည့်သဘောရှိသည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မှာကြားထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်  ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း အသက်ရှင် နေထိုင်နိုင်ရန်အတွက် စားရေရိက္ခာဖူလုံရေးကို  ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ တွင် စိုက်ပျိုးဧက စုစုပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊  နှမ်းနှင့်ဝါကို  အဓိက စိုက်ပျိုးကြသည်။ အချို့နေရာများတွင် တစ်သီးစားနှင့် အချို့နေရာများတွင် နှစ်သီးစားစိုက်ပျိုး ကြသည်။ စိုက်ပျိုးရေးတွင် ဆန်စပါးကို အဓိကစိုက်ပျိုးကြရာ နိုင်ငံအတွင်း လူတစ်ဦး တစ်နှစ် ဆန်စားသုံးမှုမှာ ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးသဖြင့် ပြည်တွင်း၌ဆန်ဖူလုံမှု ရှိသည်။ မျိုးကောင်းမျိုးသန့်ဖြင့် အထွက်တိုးစိုက်ပျိုးလျှင် ပြည်ပသို့နှစ်စဉ်တင်ပို့နိုင်ပြီး နိုင်ငံ့စီးပွားတိုး တက်မည်ဖြစ်သည်။ ထို့ကြောင့် ဆန်ကို  ပြည်ပသို့တင်ပို့ နိုင်ရေးအတွက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်လျက်ရှိသည်။

 

ပြည်သူများ စားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ဝဝလင်လင်စားသုံးနိုင်ရေးအတွက် အဓိကစားသုံး သည့်ဆန်နှင့် ဂျုံကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်နေသည်။ ထို့အပြင် အခြားသော ဖြည့်စွက်စားကုန်များကိုလည်း တစ်ဖက်တစ်လမ်းမှ တိုးချဲ့စိုက်ပျိုးထုတ်လုပ် နိုင်အောင် ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးတက်လာသည်နှင့်အမျှ   ဆီစားသုံးမှုမှာ  များပြားလာသည်။ ထို့ကြောင့် ပြည်တွင်ဆီစားသုံးမှု  ဖူလုံစေရေးအတွက် နေရာဒေသမရွေး စိုက်ပျိုးနိုင်သော၊ စားသုံးဆီထုတ်လုပ်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သော တစ်ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့် ရရှိနိုင်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအား လုပ်ကိုင်နေသည်ကို တွေ့ရသည်။

 

၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးရာသီတွင် နေကြာသီးနှံကို တစ်နိုင်ငံလုံးစိုက်ဧက ၁ ဒသမ ၅ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိသည်။ သီးသန့်စိုက်ဧရိယာ ၆၉၀ဝ၁၇ ဧကအတွက် လိုအပ်မည့် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀ဝ ဒသမ ၂၄၈ ဘီလီယံကို နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ အထူးချေးငွေ ရန်ပုံငွေ မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေး ခွင့်ပြုထားပြီး လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆီနှင့်ပတ်သက်၍ စက်မှုသုံးဆီနှင့် စားသုံးဆီနှစ်မျိုး ရှိသည်။ စက်မှုသုံးဆီကို လျှော့ချ၍ မဖြစ်နိုင်သော်လည်း စားသုံးဆီကိုပြည်သူများအနေဖြင့် လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်လည်းသက်သာ၊ ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသည့်သီးနှံများအနက် ဆန်နှင့် မြေပဲသီးနှံတို့သာ   ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးထုတ်လုပ်နိုင်ပြီး   ကျန်သီးနှံများနှင့် ဆီထွက်အခြားသီးနှံများကို ထပ်မံကြိုးစား စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရေးကို ဒေသအလိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။   စိုက်ဧကများကိုလည်း   တိုးချဲ့၊   အထွက်နှုန်းလည်း တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်သူများကလည်း ဆီကိုချွေတာ သုံးစွဲကြပါက ပြည်သူများဝင်ငွေ၊ နိုင်ငံ့ဝင်ငွေ  တိုးတက်လာမည်ဖြစ်သည်။   နိုင်ငံတော်အပိုင်းမှ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေရရှိရေးတို့ကို အတတ်နိုင်ဆုံး ကြိုးစား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

သို့ဖြစ်ရာ စိုက်ပျိုးရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရန် ကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြလျှင် နိုင်ငံ့စီးပွား မြင့်မားတိုးတက် လာမည်ဖြစ်ပါကြောင်း။              ။

ကြေးမုံအယ်ဒီတာ့အာဘော်