ကုန်ထုတ်မြင့်မား ဝင်ငွေများမှစားသုံးမှုလည်း တိုးတက်နိုင်မည်

ကုန်ထုတ်လုပ်မှု   တိုးတက်မြင့်မားရေးအတွက်  နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်တိုးမှ နိုင်ငံ့ ဝင်ငွေတိုးမည်၊ နိုင်ငံ့ဝင်ငွေတိုးမှ  နိုင်ငံအတွက် လိုအပ်သည့် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး စသည့် လုပ်ငန်းများကို  ပြည့်ပြည့်ဝဝ  ဆောင်ရွက်နိုင်မည်ဟူသည့် အကြောင်းအကျိုးများကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးဟူ၍  အပိုင်းသုံးပိုင်း ခွဲခြား ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခြင်းတို့ကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေး မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေခဲ့ကာ အထိုက်အလျောက် တိုးတက်မှုကို ရရှိစေခဲ့သည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ အဓိက အကြောင်းရင်းခံမှာ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုကဏ္ဍတို့ ပါဝင်လျက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ရည်မှန်းချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ အပြည့်အဝ လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့် ထုတ်ကုန်နည်းပါးမှု ဖြစ်ပေါ်နေရခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် တစ်ဧကအထွက်နှုန်းများ တိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ သီးထပ်စွမ်းအားများ မြှင့်တင်ရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီးပွားဖြစ် စနစ်တကျမွေးမြူခြင်း၊ တိုးချဲ့မွေးမြူခြင်းတို့ကို အားထည့်လုပ်ကိုင်ကြရန်လိုသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများသည် တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်နိုင်ပြီး အပြန်အလှန် အမှီသဟဲပြုနေသည့် လုပ်ငန်းများဖြစ်ရာ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံတကာတွင် အသုံးပြုနေသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းစနစ်များကို လေ့လာ၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် နည်းစနစ်များကို ရယူအသုံးပြုကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီတိုးတက်ဖွံ့ဖြိုးလာအောင် ကြံဆောင်ကြိုးပမ်းကြရမည်ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုအပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန်လိုသည်။

ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုး‌စေ့၊ သွင်းအားစု၊ စိုက်စရိတ်ချေးငွေ၊ စိုက်ပျိုးရေနှင့် သီးနှံဈေးကွက်ရရှိရေး၊ မွေးမြူရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ချေးငွေ၊ နည်းပညာရရှိရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်း၊ ဘဏ်ချေးငွေ၊ စွမ်းအင်နှင့် လောင်စာစသည်တို့ကို ပံ့ပိုးကူညီရမည်ဖြစ်သော်လည်း အဓိကအကျဆုံး မှာ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူတောင်သူများနှင့် ကုန်ထုတ် လုပ်ငန်းရှင်များပင်ဖြစ်သည်။ ကုန်ထုတ်လုပ်သူများ၏ အပြုသဘောဆောင်သော စိတ်ဖြင့် တိုးတက်ကြီးပွားအောင် လုပ်ကိုင်မှု၊ တီထွင်ကြံဆ ထိုးထွင်းဆောင်ရွက်မှု၊ လုံ့လဝီရိယဖြင့် အားထုတ်ကြိုးပမ်းမှုတို့ကသာ ကုန်ထုတ်လုပ်မှုကို တိုးတက်မြင့်မားအောင် မြှင့်တင်နိုင်ပါမည့် အကြောင်း။

မြန်မာ့အလင်း