ရန်ကုန် ၁၁ ဖေဖော်ဝါရီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ပြုလုပ်သည့် ကုန်းတွင်းဆိပ်ကမ်း လုပ်ကိုင်ခွင့် အသိအမှတ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ့မီးရထားနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ တာဝန်ရှိသူများ၊ KM Terminal and Logistics Limited မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက KM Terminal and Logistics Limited သို့ ကုန်းတွင်းဆိပ်ကမ်း အသိအမှတ်ပြုလွှာ လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသည် မြန်မာနိုင်ငံ၌ ပထမဦးဆုံးဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံ၏ ပထဝီအနေအထား အချက်အခြာကျမှု၊ လုပ်အားခသက်သာမှု၊ အဓိကကျသော အခြေခံအဆောက်အဦ ကောင်းမွန်မှုရှိရမည့်အပြင် ကုန်ကျစရိတ် သက်သာရန်အတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းသည်လည်း အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ သယ်ယူပို့ဆောင်မှုစရိတ် ကျဆင်းခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုစရိတ်၊ ဝန်ဆောင်မှုစရိတ် သက်သာစေနိုင်ပြီး ကုန်ဈေးနှုန်းသည်လည်း အလိုအလျောက် ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့အပြင် ပို့ကုန်/သွင်းကုန် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ အချိန်ကုန်သက်သာခြင်း၊ ရန်ကုန်ဆိပ်ကမ်းများတွင်လည်း ကုန်သေတ္တာ ကြပ်တည်းမှုများကို လျော့ချနိုင်ခြင်း၊ ရန်ကုန်ဧရိယာအတွင်း ကုန်သေတ္တာတင်ယာဉ်များကြောင့် ယာဉ်ကြောကြပ်တည်းမှုများကို လျော့ချပေးနိုင်သည့်အပြင် ခေတ်မီနည်းပညာများကို အသုံးပြုပြီး ဆောင်ရွက်မည်ဖြစ်သောကြောင့် ကုန်ကျစရိတ်နှင့် အချိန်လျော့ချပေးနိုင်ဖြစ်ပါကြောင်း။
အခြားတစ်ဖက်တွင်လည်း ပြည်သူလူထုအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် KM Terminal and Logistics Limited မှ ဒါရိုက်တာ ဦးညီထွဋ်က ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်မှု မှတ်တမ်းများအား ဗီဒီယိုဖြင့် ရှင်းလင်းတင်ပြပြီး Ms. Sirirat Srerattanamongkon က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က KM Terminal and Logistics Limited မှ တာဝန်ရှိသူအား ကုန်းတွင်းဆိပ်ကမ်း လုပ်ကိုင်ခွင့် အသိအမှတ်ပြုလွှာကို ပေးအပ်ပြီး ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
သတင်းစဉ်