အောင်မြင့်စိုး(ရေစကြို)

 

မြန်မာတစ်ဆယ့်နှစ်လရာသီတွင် စတုတ္ထလသည် ဝါဆိုလဖြစ်၍ မိုးဥတု၌ ပါဝင်သည်။ ဝါဆိုဟူသော စကားတွင် ဝါသည် ပါဠိဘာသာနေခြင်းဟော ဝါသပုဒ်ပျက်ဖြစ်သည်။ မြန်မာဘာသာ ရွတ်ခြင်းဟောသည်။ ဝါဆိုဟူသည်မှာ ရဟန်းတော်တို့သည် မိုးသုံးလအတွင်း အခြားတစ်ပါးသို့ အကြောင်းမဲ့မသွားရဘဲ မိမိတို့၏ကျောင်းအရံအတွင်း၌ နေခြင်းဖြစ်သည်။ ရဟန်းတို့ ဝါဆိုသည်ကိုစွဲ၍ ဝါဆိုလဟု ခေါ်သည်။ ဝါဆိုလသည် ရက်စုံကွယ်သဖြင့် တစ်လတွင် ရက်ပေါင်း ၃၀ ရှိ၏။ ဝါထပ်သည့်နှစ်တွင် ပထမဝါဆိုနှင့် ဒုတိယဝါဆိုဟူ၍ ဝါဆိုလကို နှစ်လပြု၏။ ထိုလတွင် တနင်္ဂနွေနှင့် ဗုဒ္ဓဟူးနေ့များသည် ရက်ရာဇာများဖြစ်ပြီး အင်္ဂါနှင့် ရာဟုခေါ် ဗုဒ္ဓဟူးမွန်းလွဲပိုင်းတို့မှာ ပြဿဒါး ရက်များ ဖြစ်သည်။


ရွှေဗျိုင်းတာယာထွန်းပသည့် ဝါဆိုလတွင် နံနက် စက်နာရီ ၅ နာရီ ၂၉ မိနစ်တွင် နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၄၃ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့် နေ့ ၃၆ နာရီ၊ ည ၂၄ နာရီရှိသည်။ ဤသည်ကိုရည်၍ ဦးယာ၏ ဝါဆိုလဘွဲ့ လူးတားတွင်-


“သည်ရာသီတွင်၊ နာရီနေ့ကို၊ သုံးဆယ်ဆိုရှင့်၊ စွန်းပိုခြောက်ခု၊ ကြွင်းစုနာရီ၊ ညဉ့်သို့စီသော်၊ မညီအရေး နှစ်ဆယ့်လေးတည့်။” ဟူ၍ စပ်ဆိုခဲ့သည်။


ဆယ့်နှစ်ရာသီဘွဲ့ လူးတား

ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် အထက်သုတိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေ တည်သောနေ့၊ နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာ သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် တရားဦးဓမ္မစကြာ ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိသင်းကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြသောနေ့တို့သည် ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ ဝါဆိုလကို ဗေဒင်အခေါ်အားဖြင့် ကရကဋ်ရာသီခေါ်သည်။ ထိုရာသီတွင် ပြုပ္ပာသန် နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ရာသီရုပ်မှာ ပုစွန်လုံးဖြစ်၍ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်လေ သည်။ ရာသီပန်းမှာ ပုန်းညက်ပန်း၊ မြတ်လေးပန်းဖြစ်သည်။ ဤသည်ကိုရည်၍ ဦးယာက “ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊ ပုန်းညက်ရွှေလှော်၊ မွှေးပေါင်းဖျော်၍၊ တောင်တော် မြင့်ဖျား၊ မြင်းမိုရ်ခါးက ပတ္တမြားဗိမာန်၊ ပြုပ္ပာသန်နှင့်၊ ယုဂန္ဓိုရ်မှ၊ လှည့်သွားကြသော်၊ နောက်ကမကွာ၊ ဗျိုင်းတာရာဝယ်၊ ညီညာခံသ၊ ရောင်ထွန်းပလျက်” ဟူ၍ ဆယ့်နှစ်ရာသီဘွဲ့ လူးတားတွင် ရေးစပ်ထား၏။


ဓမ္မစကြာအခါတော်နေ့
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက် တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးတို့အား ရှေးဦးစွာဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို မိဂဒါဝုန်တော၌ ဝါဆိုလပြည့်နေ့တွင် ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားလေသည်။ ဘုရားရှင် သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆို လပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်း အရံအတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို၊ ဝါကပ်မှုများကို ပြုကြသည်။


ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာ အားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်းသံဃာ တော်တို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်၏။ ဝါဆိုဝါကပ်ခြင်းကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆို ဖယောင်းတိုင် စသည့် ဝေါဟာရများ ပေါ်ပေါက်လာသည်။ ရှေးမြန်မာမင်းများ လက်ထက်တော်တွင် ဝါဆိုလတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပလေ့ရှိသည်ကိုရည်၍
“ဘဝဂ်ထိန့်ကျော်၊ ပဉ္စင်းတော်ကို၊ ရွှေလှော်မွမ်းရုံ၊ ရွှေစည်းခုံဝယ်၊ သုံးဘုံဝဋ်မှ၊ လွတ်စေရသား၊ ဂေါတမမုနိ၊ သီရိကြိမ်ကြိမ်၊ မြတ်သည့်အိမ်သို့၊ ငြိမ့်ဆိမ်လည်းဝင်၊ သိက္ခာတင်သည်၊ ပဉ္စင်းတော်မြတ် ရဟန်းတည့်လေး” ဟု ရေးဖွဲ့ခဲ့၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်ရဟန်းအပေါင်းကို ရဟန်းဘောင် သို့ အခမ်းအနားဖြင့် သွတ်သွင်းချီးမြှင့်ခြင်းပင်ဖြစ်သည်။


သို့ကြောင့်

“လဝါဆို ကုသိုလ်အလင်းနဲ့

ရှေးမင်းတို့လက်ထက်တွင်

ကျင်းပလေ့အစဉ်၊

ပဉ္စင်းတော်ခံပွဲ ရဟန်းလောင်းရှင်

သိက္ခာတင် သိမ်ဝင်ခြင်း၊

ရဟန်းဘောင် ပို့ဆောင်ပြီးလင့်

ချီးမြှင့်သွတ်သွင်း။” ဟူ၍ စာရေးသူဆိုချင်ပါသည်။


ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလသည် ကောင်းမှုကုသိုလ်အထိုထိုနှင့် ပြည့်စုံစေသောလ ဖြစ်ပြီး ချမ်းမြေ့ကြည်နူးဖွယ်ကောင်းသည့် ထူးမြတ်သောလတစ်လပင်ဖြစ်ပေသည်။

ကိုးကား- မြန်မာ့စွယ်စုံကျမ်း