၂၃ ဇန်နဝါရီ
မြန်မာနိုင်ငံသည် ကောင်းမှုကုသိုလ်အဖုံဖုံတို့ကို အလှူရေစက်လက်နှင့်မကွာ ပြုလုပ်လေ့ရှိသည့်နိုင်ငံဖြစ်သည်။ ကံကံ၏ အကျိုးကို ယုံကြည်သည်နှင့်အညီ ကုသိုလ်ဒါနမျိုးစေ့ချ၍ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးတို့ကို စုစည်းညီညာပြုလုပ်လေ့ရှိကြသည်။ အလှူဒါနများကို အယုတ်အလတ်အမြတ်မရွေး ပြုလုပ်လေ့ရှိကြသည့်အပြင် အမြတ်ဆုံးသောဒါနများဖြစ်သည့်ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာတို့ကို ပြုလုပ်လေ့ရှိသည်။နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသော အကြောင်းများတွင် မကောင်းမှုဒုစရိုက်မှုများသည် အကြောင်းတစ်ပါးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ခင်မင်ချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့သာယာဝပြောရေးကို အလိုရှိကြကုန်သော ပြည်သူအပေါင်းတို့၏ အကျိုးအတွက် မင်းမဲ့စရိုက်ဖြစ်သည့် ဒုစရိုက်မှုအပေါင်းတို့ကို တားဆီးနှိမ်နင်း ကြရပေသည်။
အကုသိုလ်ဒုစရိုက်အမှုတို့ကို အကောင်းဆုံးတားဆီး ကာကွယ်သည့်နည်းတို့တွင် ဗုဒ္ဓဘာသာဝင် ပြည်သူပြည်သားအားလုံး၏ နှလုံးသည်းပွတ်တွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ အဆုံးအမများကိုနာယူပြီး ထိုရတနာသုံးပါးတို့အား ကုသိုလ်ကောင်းမှု ဒါနအစုစုတို့ မပြတ်ပြုလုပ်ခြင်းနည်းလည်း ပါဝင်သည်။ မွန်မြတ်သည့် အကောင်းဆုံးနည်းဖြစ်၍ပြုလုပ်သူတို့အဖို့ ကုသိုလ်တရားများ ပွားတိုးပြီး သာသနာတော်စည်ပင်ပြန့်ပွားရေးအတွက်လည်း ချီးမြှင့်ထောက်ပံ့ရာ ရောက်ပေသည်။မကြာသေးမီက အစိုးရနှင့်ပြည်သူ ကြည်ဖြူစွာလက်တွဲ၍ အလွန်မွန်မြတ်သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ မင်္ဂလာသဘင်များ ကြီးကျယ်ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သံဃာအပါး ၁၈၀ဝ၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆရာဒကာစုံလင်စွာဖြင့် ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့သည်။ ယခုတစ်ဖန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့ ဓမ္မကာယဖောင်ဒေးရှင်းအလှူရှင်များ စုပေါင်း လှူဒါန်းသည့် သံဃာအပါး ၂၀ဝ၀ဝ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဤကဲ့သို့ ဘုရား၊ တရား၊ သံဃာကို ရည်မှန်းပူဇော်သည့် လှူဒါန်းမှုအစုစုတို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ၄၅ ဝါကာလပတ်လုံး သတ္တဝါတို့၏အကျိုးစီးပွားအတွက်လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတို့ကို မနေမနားဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောထိုတရားတော်တို့ကို သံဃာတော်တို့က မညစ်နွမ်းမကွယ်ပျောက်ရန်ကြိုးစားစောင့်ရှောက်တော်မူခဲ့သည်။ တရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည်ဟုမှတ်ယူထိုက်သည်။တရားတော်များ ကွယ်ပျောက်ပါက မြတ်စွာဘုရား ကွယ်ပျောက်ပြီးသာသနာတော်လည်း ကွယ်ပျောက်မည်ဖြစ်သည်။ သာသနာ ကွယ်ပျောက်ခြင်းသည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းခြင်းပင်ဖြစ်တော့သည်။
ထို့ကြောင့် ပရိယတ္တိ၊ ပဋိပတ္တိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအားဒါယကာ၊ ဒါယိကာမများက ပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းဖြင့်ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လက်တွဲညီညာဆောင်ရွက်ရသည်။ဘာသာသာသနာအရေးကို ဆောင်ရွက်ရာတွင် အစုအပေါင်းအင်အားကား တစ်ဦးတစ်ယောက်၏ အင်အားထက် ပိုမိုသာလွန်သည်။ စည်းလုံးညီညွတ်၍ စည်းကမ်းကျနသော အစုအပေါင်းအင်အားဖြင့် ဆောင်ရွက်ပါက အမျိုးဘာသာ သာသနာရေးကိစ္စများသည် တစ်ဦးတစ်ယောက်တည်းဆောင်ရွက်ခြင်းထက် ပိုမိုအောင်မြင်သည်ကို မြင်တွေ့ကြရသည်။ထို့ကြောင့် တစ်ယောက်အားဖြင့်ယူသော် မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏ဟု ဆိုထုံးပြုကြသည်။
သို့ဖြစ်ရာ အကုသိုလ်အမှုများ ကင်းစင်ဝေးပြီး ကုသိုလ်တရားတိုးပွားကာ လောကတစ်ခွင် ငြိမ်းချမ်းသာယာရေးအတွက် ကောင်းသောအမှုများ များစွာပေါင်းစုပြုကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။
ကြေးမုံ