နာမည်ကျော် စီးပွားရေးလုပ်ငန်းများတွင် အစုရှယ်ယာများပိုင်ဆိုင်သည့် ချမ်းသာကြွယ်ဝသော ဂျာမနီ နိုင်ငံရှိ မိသားစုတစ်စုသည် အတိတ်ကာလက နာဇီတို့၏ နိုင်လိုမင်းထက်ပြုမူမှုများတွင် ပတ်သက်မှုရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
The Reimann မိသားစုက ကုသိုလ်ဖြစ်အဖွဲ့တစ်ခုသို့ လှူဒါန်းမှုတစ်ခုပြုလုပ်ရန် ကတိပြုခဲ့သည်။ JAB Holding Company တည်ထောင်သူ မိသားစုဝင်နှစ်ဦးက နာဇီခေါင်းဆောင် အဒေါ့ဟစ်တလာကို ထောက်ခံသူများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဂျာမနီသတင်းစာ Bild က မတ်လ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါပုဂ္ဂိုလ် နှစ်ဦးသည် ၎င်းတို့ပိုင် စက်ရုံများတွင် အရှေ့ဥရောပမှ နိုင်ငံသားများနှင့် ပြင်သစ်အကျဉ်းသားများကို အဓမ္မခိုင်းစေသည့် လုပ်သားများအဖြစ် အသုံးပြုခဲ့သည်ဟုဆိုသည်။
၎င်းတို့ မိသားစု၏ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီမှာ Krispy Kreme Doughnuts နှင့် အခြားကုမ္ပဏီများတွင် အ စုရှယ်ယာများ ပိုင်ဆိုင်မှုကြောင့် ထင်ရှားကျော်ကြားသည်။ လှူဒါန်းမည့် သတင်းမှာ မှန်ကန်ကြောင်း ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးဖြစ်သူ ပီတာဟတ်က မီဒီယာများသို့ ပြောကြားသည်။ ကုသိုလ်ဖြစ်အဖွဲ့အစည်းများသို့ ယူရို ၁၀ သန်းနှင်ညီမျှသည့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်း လှူဒါန်းမည့် အစီအစဉ်တစ်ရပ်ကို အဆိုပါမိသားစုက ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံတွင် Volkswagen နှင့် Siemens ကဲ့သို့သော ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများက အစိုးရနှင့်အတူတည်ထောင်ထားသည့် ရန်ပုံငွေတစ်ရပ်ဖြင့် ဂျူးလူမျိုးများကို လျော်ကြေးငွေများပေးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်