၁၂ မေ
သူနာပြု အတတ်ပညာဆိုသည်မှာ မကျန်းမာသူတစ်ဦးအား ရုပ်ပိုင်ေဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြုစုမှုလိုအပ်ချက်မျာကိုလည်းကောင်း၊ ယင်းမကျန်းမာသူ၏ မိသားစု၊ မကျန်းမာသူနှင့် ဆက်နွယ်သူများ၏ ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာလိုအပ်ချက်များကိုလည်းကောင်း ဖြည့်ဆည်းဆောင်ရွက် နိုင်စွမ်းရှိသည့် အတတ်ပညာကိုဆိုသည်။ ယင်းစကားရပ်တွင် ကျန်းမာသူများအား ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးစသည်တို့ကို ဆောင်ရွက်ပေးသည့် လုပ်ငန်းများလည်း ပါဝင်သည်ဟု သူနာပြုနှင့် သားဖွားဆိုင်ရာဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သူနာပြုအတတ်ပညာသည် မျက်မှောက်ခေတ်တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုအဖြစ် ပြောင်းလဲလာပြီ ဖြစ်သော်လည်း မူလအစမှာမူ ရောဂါဝေဒနာတို့ကို ခံစားနေရသူတို့ ဝေဒနာမှ သက်သာရာ ရကြစေခြင်းမှာ အကြင်နာ ကရုဏာဖြင့် ပြုစုလုပ်ကိုင်ပေးရသော ကုသိုလ်ဖြစ်လုပ်ငန်း၊ စေတနာ့ဝန်ထမ်း လုပ်ငန်းသာဖြစ်ခဲ့သည်။ ရောဂါတစ်ခုခုကြောင့် ဖြစ်စေ၊ ထိခိုက် ဒဏ်ရာရမှုကြောင့်ဖြစ်စေ ဝေဒနာခံစားနေရသည့် လူနာတို့ကို ပြုစု ပေးရသည့်အလုပ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ဆောင်ရွက်ရသည့်အားလျော်စွာ ကျင့်ဝတ်နှင့်အညီ ကုသိုလ်စိတ်ဖြင့် ဆောင်ရွက်ကြ ခြင်းအားဖြင့် စေတနာ့ဝန်ထမ်း လုပ်သည်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း လုပ်သည်ဖြစ်စေ မွန်မြတ်သည့် လုပ်ငန်းသာဖြစ်သည်။
သူနာပြုလုပ်ငန်းသည် ရောဂါဝေဒနာသည်တို့နှင့် အနီးကပ် နေထိုင်ပြုစုလုပ်ကိုင်ကြရပြီး အညစ်အကြေး များနှင့်လည်း ဆက်စပ်ထိတွေ့ကြရသည့်အလျောက် ရှေးအခါကာလက အောက်တန်းကျသော အလုပ်ဟု အယူအဆလွဲမှားခဲ့ကြပြီး သာသနာပြုဝန်ထမ်းများနှင့် ဆင်းရဲသားများကသာလျှင် လုပ်ကိုင်ခဲ့ကြသည်။ မျက်မှောက်ခေတ်တွင် ဆေးပညာတိုးတက်မြင့်မားလာမှုနှင့်အတူ သူနာပြုများသည်လည်း ဆရာဝန်များ၊ သမားတော်ကြီးများအတွက် အရေးပါသော အထောက်အကူ ပြုသူများအဖြစ်ဖြင့် ကျန်းမာရေးကဏ္ဍ၏ အင်အားစုတစ်ရပ်ဖြစ်လာခဲ့ပြီဖြစ်သည်။ “ကျွန်ုပ်တို့သည် လူသား အားလုံး၏ ကိုယ်၏ ကျန်းမာရေး၊ စိတ်၏ ကျန်းမာရေးကို ကျွန်ုပ်တို့၏ အရေးကဲ့သို့ ယူဆပါအံ့” ဟူသော အချက်အပါအဝင် သူနာပြု သစ္စာအဓိဋ္ဌာန်(၈) ချက်ကို နှလုံးသွင်းကာ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ထားဆောင်ရွက်ကြသည့် သူနာပြုတို့အပေါ် လူနာများက သာမက အများပြည်သူကပါ ယုံကြည်ကိုးစား လေးစားချစ်ခင်ကြ မည်သာဖြစ်သည်။
ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကူးစက်မြန်ပြင်းထန်ဗိုင်းရပ်စ်ပိုးမွှားနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေကြရ သည့်ကာလတွင် ဆရာဝန်များ၊ သမားတော်များနှင့်အတူ သူနာပြုများသည်လည်း ရှေ့တန်းမှ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြရသူ များဖြစ်သည်။ ကျန်းမာရေးလောကမှ သူရဲကောင်းများ၏ နှလုံးသားတို့ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည့် အချိန်အခါလည်း ဖြစ်သည်။ ရောဂါကူးစက် ခံထားရသူများ ဝေဒနာမှ ကင်းပျောက်ပါစေခြင်းဟူသော အကျိုးကိုလိုလားသည့် မေတ္တာတရား၊ ရောဂါ ဝေဒနာခံစားနေရသူများအပေါ်ထားရှိသည့် စာနာသနားမှု ကရုဏာတရား၊ ဝေဒနာသက်သာ ပျောက်ကင်းသွားသူများအပေါ် ဝမ်းမြောက် မှု မုဒိတာတရား၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းအပါအဝင်ကောင်းဆိုးနှစ်တန် မည်သို့သော တုံ့ပြန်မှုများကိုမဆို တုန်လှုပ်မှုမရှိသည့် ဥပေက္ခာ တရားတည်းဟူသော မြင့်မြတ်သူတို့၏ အကျင့်တရားတို့ဖြင့် လူသားတို့၏လောကအကျိုးကို ဆတက်ထမ်းပိုးတိုး၍ စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း၍ မေလ ၁၂ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့တွင် ဂုဏ်ပြုအပ်ပါ ကြောင်း။ ။
မြန်မာ့အလင်း