၂၀ ဒီဇင်ဘာ
အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိ ပါမောက္ခ ခရစ်ဝစ်တီက ကူးစက်နှုန်းမြန်တဲ့ အသွင်ပြောင်းဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိကြောင်း ဗြိတိန်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အား အကြောင်းကြားထားကြောင်း စနေနေ့က အတည်ပြုပြောကြားပါတယ်။
ကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်မှာ အင်္ဂလန်တောင်ပိုင်းမှာ တွေ့ရှိတဲ့ အသွင်ပြောင်းသွားတဲ့ ပိုးအသစ်ဟာ ကူးစက်မှု ပိုမြန်နိုင်ကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် ဆေးရုံမှာ ကုသခံယူနေမှုအရေအတွက်ဟာ ဒီလအတွင်းမှာ များနေကြောင်း၊ အသွင်ပြောင်းသွားတဲ့ ဗိုင်းရပ်စ်ပိုးအသစ်ရဲ့ ကူးစက်မှုနှုန်းဟာ ၇၀ ရာခိုင်နှုန်းအထိ လျင်မြန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က စနေနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပါမောက္ခ ခရစ်ဝစ်တီက အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးအသစ်အကြောင်းကို WHO အား အကြောင်းထားပြီးကြောင်းနဲ့ အသွင်ပြောင်းပိုးသစ်ကြောင့် သေဆုံးနှုန်းများနိုင်ခြင်းနဲ့ ကာကွယ်ဆေးအပေါ် သက်ရောက်မှုရှိနိုင်ခြင်း သို့မဟုတ် မရှိနိုင်ခြင်းအပေါ် အထောက်အထား မရရှိသေးကြောင်း၊ အဲဒီအကြောင်းအချက်တွေနဲ့ ပတ်သတ်ပြီး အရေးတကြီး လေ့လာနေကြောင်း ရှင်းပြပါတယ်။
အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးအသစ်ဟာ ပိုပြီးအရေးကြီးတဲ့ သက်သေအထောက်အထား ရရှိထားတဲ့အတွက် လူထုအား ကူးစက်မှုမခံရအောင် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ သတိပေးပြောကြားနေပါတယ်။
သောကြာနေ့မှာ ပိုးကူးစက်ခံရသူ ၂၈,၅၀၇ ဦးရှိကြောင်းနဲ့ စနေနေ့မှာ ပိုးတွေ့ရှိသူ ၂၇,၀၅၂ ဦးရှိကြောင်း သိရပါတယ်။ အခုသီတင်းပတ်အတွင်းမှာ ပိုးတွေ့ရှိသူဟာ အရင်သီတင်းပတ်ထက် ၄၀ ဒသမ ၉ ရာခိုင်နှုန်းများနေတာကို တွေ့ရပါတယ်။
ဗြိတိန်နိုင်ငံမှာ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂,၀၀၄,၂၁၉ ဦးနဲ့ သေဆုံးသူ ၆၇,၀၇၅ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP