မန္တလေး  ၁၄   မေ

 

ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ပြီးပါက အဆင့်မြင့် ဈေးချိုတော်အပါအဝင် အလုံပိတ် (လေဝင်လေထွက်နည်းသည့်) အဆောက်အဦများ ပါဝင်သည့် အဆင့်မြင့်ဈေးကြီးများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆင့်မြင့်ဈေးချိုတော်၊ တောင်/မြောက် တိုက်တန်းကြီး၊ မန်းမြန်မာဈေးချိုပလာဇာနှင့် ဈေးချိုပလာဇာ ဈေးရုံများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေး အစီအမံများဖြင့် စည်းကမ်းတကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်  မွန်းလွဲ ၂ နာရီက ဈေးချိုတော် ဈေးဌာနခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

"အလုံပိတ်တာမျိုးဖြစ်နေတဲ့ ဈေးတွေ ဈေးချိုတော်တိုက်တန်း၊ မန်းမြန်မာပလာဇာ၊ ရတနာပုံဈေးတွေကိုတော့ ဈေးအကျိုးတော်ဆောင်တွေက အစည်းအဝေးတစ်ခုလုပ်တယ်  ကျန်းမာရေးနဲ့ ကိုက်ညီအောင် အစီအမံတွေ ဆောင်ရွက်ကြမယ်။ ဆောင်ရွက်ပြီးတာနဲ့ မြို့တော်ဝန်ဦးဆောင်တဲ့ အဖွဲ့က အမြန်ဆုံးဖွင့်နိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ကျတော်တို့ စီစဉ်နေပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ယခုလ ၁၃ ရက်က ဆေးနွေးဆုံးဖြတ်ခဲ့သည့် ကျန်းမာရေးအစီအမံများမှာ ဈေးဖွင့်ချိန် မနက် ၉ နာရီမှ နေ့လည် ၂ နာရီထိ သတ်မှတ်ခြင်း၊ ဈေးအတွင်း လူသိပ်သည်းမှုကို လျှော့ချသည့်အနေဖြင့် ဆိုင်ခန်း (၁) ခန်းလျှင် အကူဝန်ထမ်း တစ်ဦး၊ ဆိုင်ခန်း နှစ်ခန်းမှ သုံးခန်းအထိ အကူဝန်ထမ်း နှစ်ဦး၊ ဆိုင်ခန်း လေးခန်းမှ ငါးခန်းထိ အကူဝန်ထမ်း သုံးဦး၊ ဆိုင်ခန်း ခြောက်ခန်းမှ ဆယ်ခန်းအထိ အကူဝန်ထမ်း လေးဦးအထိသာ ထားခွင့်ပြုခြင်း၊ ဈေးသို့ လာရောက်ကြသူများအားလုံး Mask၊ အသက်ရှူကာ တပ်ဆင်ထားခြင်း၊ ဈေးအတွင်း ရှိနေစဉ် အမြဲတပ်ဆင်ထားခြင်း၊ ဈေးရုံအတွင်း လျှောက်လမ်းများတွင် ကုန်ပစ္စည်း၊ ဗီရို၊ ခုံရှည်များ ထားခွင့်မပြုခြင်း၊ ပစ္စည်းများကို ဂိုဒေါင်သဖွယ်ထားရှိခြင်းများ ခွင့်မပြုခြင်း၊ လေဝင်၊ လေထွက်ကောင်းမွန်စေရန် တံခါးပေါက်များတွင် ပစ္စည်းချိတ်ဆွဲခြင်း၊ လူသွားလမ်းအထက် ပစ္စည်းချိတ်ဆွဲခြင်းများကို ခွင့်မပြုခြင်း၊ မူလသတ်မှတ်ခဲ့သည့် စည်းကမ်းချက်အတိုင်းသာ ခင်းကျင်းခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

 

၄င်းအပြင် ဈေးသို့လာရောက်လာကြမည့် ဆိုင်ရှင်များ၊ အရောင်းဝန်ထမ်းများနှင့် ကုန်ပို့လုပ်သားများ အားလုံးတို့သည် သတ်မှတ်ထားသော လည်ဆွဲကတ်ပြားများကို ဝတ်ဆင်ထားခြင်း၊ ဖျားနာနေသူ၊ ချောင်းဆိုးနေသူများကို ဈေးရုံအတွင်းသို့ လာရောက်ခွင့်မပြုခြင်း၊ ဈေးအတွင်း ပျံကျဈေးသည်များ ရောင်းချခွင့်၊ ဈေးအတွင်းဝင်ရောက်ခွင့် ခွင့်မပြုခြင်းများဆောင်ရွက်မည်ဖြစ်သည်။

 

မေသက်ထား