(မတ်လ၊ ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ်)
Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကူးစက်ရောဂါဘေး အန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားရှိပြီးဖြစ်သော ဥပဒေများကို ပြည်သူများအားလုံးက လိုက်နာကြရန်ပန်ကြားအပ်ပါသည်။
လိုက်နာခြင်းမရှိသူများအား −
ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဉပဒေ (၁၉၉၅) ကို ပြင်ဆင်သည့် ဥပဒေ − ၂၀၁၁ ၊ ပုဒ်မ-၁၄ အရ အမိန့်ထုတ်ပြန်ထားသည့် ကူးစက်မြန်ရောဂါဖြစ်ပွားနေသူအား နေအိမ်မှထွက်ခွာသွားလာခွင့်၊ ကူးစက် မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိ နေသူများကို ပြင်ပသို့ ထွက်ခွာသွားလာခွင့်၊ ပြင်ပမှလူများအား ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်၊ မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် သို့မဟုတ် အခြားယာဉ် တစ်မျိုးမျိုးဖြင့် ရောက်ရှိလာသူများအနက် ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါရှိလာပါက ယင်းရောဂါ ဖြစ်ပွားနေသူအား ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သော အချိန်အထိ ပြင်ပသို့ ထွက်ခွာသွားလာခွင့်၊ ပွဲလမ်းသဘင် ကျင်းပနေစဉ် ကူးစက်မြန်ရောဂါ ဖြစ်ပွားလာပါက အများပြည်သူတို့အား ပွဲလမ်းသဘင် ကျင်းပရာနေရာသို့ သွားလာခွင့်နှင့် ပွဲလမ်းသဘင်ကို ဆက်လက် ကျင်းပခွင့်၊ ကူးစက်မြန်ရောဂါဖြစ်သည်ဟု သံသယရှိသည့် တိရစ္ဆာန် သို့မဟုတ် ယင်းတိရစ္ဆာန်ထွက်ပစ္စည်း သယ်ဆောင်လာသောယာဉ်အား ဝင်ထွက်သွားလာခွင့် စသည့် တားမြစ်ပိတ်ပင်ချက်များကို ဖောက်ဖျက်ပါက ထိုသူအား ပုဒ်မ(၁၈)အရ ထောက်ဒဏ် (၆)လအထိဖြစ်စေ၊ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူချမှတ် အပြစ်ပေးခံရမည်ဖြစ်ပါသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)၊ အခန်း(၁)၊ ပုဒ်မ(၂) (ခ) အရ သဘာဝဘေးအန္တရာယ်ဟုဆိုရာတွင် လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း ပါဝင်သည့် အတွက် ယခုဖြစ်ပွားလျက်ရှိသော COVID -19 ကူးစက်ရောဂါသည် ဤဥပဒေနှင့် အကျုံးဝင်ပါသည်။
မည်သူမဆို အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ်မမှန်သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဤဥပဒေ အခန်း(၈)၊ ပုဒ်မ(၂၇) အရ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရမည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တစ်ရပ်ရပ်ကိုဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေး အပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင် ပျက်ကွက်ခြင်းသည် ထိုဥပဒေ အခန်း(၈)၊ ပုဒ်မ(၃၀) (က) အရ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဥပဒေများကိုသိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ အစိုးရက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


