ရန်ကုန် ၂ နိုဝင်ဘာ
ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း အိမ်ယာနှစ်သောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
"ဒီ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာတော့ တတ်နိုင်သမျှ အိမ်ခြေ အဆောက်အဉီနှစ်သောင်းလောက်ပြီးအောင် ဒါရည်ရွယ်ထားတယ်"ဟု ဦးသန်းက ပြောသည်။
ထို့ပြင် ကျူးကျော်များနေထိုင်ရန်အတွက် ၁၅ ပေ ၃၅ ပေ ရှိသည့် အဆောက်အဉီများ၏ တန်ဖိုးငွေမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး ယင်းအိမ်ရာငွေကြေးကို နေထိုင်သူများက အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ချေးငွေရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"သူတို့က ၂၅ သိန်း သိန်း ၃၀ ကို လက်ငင်းပေးနိုင်မလားဆို မပေးနိုင်ဘူး၊ သူတို့ အရစ်ကျ ပေးနိုင်အောင်လည်း လုပ်နေတယ်၊ ဒီ ချေးငွေရရှိရေး Microfinance ပေါ့၊ ချေးငွေရရှိရေးအတွက် သူတို့ကို စီစဥ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ တစ်လကို သူတို့က ရှစ်သောင်းဝန်းကျင် တစ်သိန်းဝန်းကျင်တော့ ပြန်သွင်းရမှာပေါ့"ဟု ဦးသန်းက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျူးကျော်နေထိုင်သူများအတွက် လူထုအခြေပြု အိမ်ရာစီမံကိန်း (Community Base Housing) ကို ရွှေပြည်သာ စက်မှုဇုန်အနီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
"အခု လောလောဆယ် ကျွန်တော်တို့ အဆောက်အဦး ငါးထောင်လောက် မြေသည် Community ပိုင် မြေဖြစ်မယ်၊ အဲဒီပေါ်မှာ ၁၅ ပေ ၃၅ ပေရှိတဲ့ အဆောက်အဦးတွေကို ကျူးကျော်တွေကိုယ်တိုင်က သူတို့ ဒီမှာ တန်ဖိုးအားဖြင့်တော့ ၂၅ သိန်း သိန်း ၃၀ ဝန်းကျင်လောက် ရှိပါ့မယ်၊ အဲဒီဟာ ကျူးကျော်တွေ ကိုယ်တိုင်က ဒီနေရာမှာတော့ ဒီလိုပုံစံဆောက်ချင်တယ်ဆိုပြီးတော့ သူတို့ ပျိုမေ့အိမ် အဖွဲ့အစည်းကနေပြီးတော့ ကွင်းဆင်းစာရင်းကောက်ယူပြီးတော့မှ ဒီ ကျူးကျော်နေထိုင်သူတွေနဲ့ သူတို့ဖြစ်ချင်တဲ့ ပုံစံတွေ ပြီးရင် သူတို့တတ်နိုင်တဲ့ တစ်နိုင်စျေးနှုန်းလေးတွေ ညှိနှိုင်းပြီးတော့မှ အခု တစ်ပြေးညီပုံစံ ရေးဆွဲပေးထားပါတယ်၊ အဲဒီအတိုင်းလည်း စတင်ပြီးတော့ အကောင်အထည်ဖော်နေပါပြီ၊ ရွှေပြည်သာမှာ စပြီးတော့ အကောင်အထည်ဖော်နေပါပြီ"ဟု ဦးသန်းက ဆက်ပြောသည်။
လက်ရှိ ကျူးကျော်နေထိုင်သူများအတွက် အိမ်ယာလိုအပ်ချက်မှာ တစ်သိန်းခွဲခန့်ရှိသောကြောင့် ဒဂုံလေးမြို့နယ်တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်ရန်အတွက် မြေယာများရရှိရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာတို့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျှက်ရှိပြီး တန်ဖိုးနည်းအိမ်ရာများတွင် မြေတန်ဖိုးကို ထည့်သွင်းမတွက်ချက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်နှင့် ရောင်းဝယ်ပေးနိုင်ရန်အတွက် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း က ပြောကြားထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) ခေါ်ယူထားကြောင်း သိရသည်။
Nyein Nyein


