မန္တလေး ၁၃ မေ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး ကူမဲမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာ၌ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကူမဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
လက်ရှိတွင် အဆိုပါလုပ်ငန်းများအား တင်ဒါအောင်မြင်သည့် Eastern International Co,Ltd. မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ကုမ္ပဏီအနေဖြင့် ကူမဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ဒိုင်းကောင်းကန်ကျေးရွာ၊ ကံကွေ့ကျေးရွာ၊ မြို့ကုန်း ကျေးရွာနှင့် မြသုခကျေးရွာတို့အား ကွင်းဆင်းတိုင်းတာ၍ 11/ 0.4 Kv 100 KVA တစ်လုံး၊ 200 KVA နှစ်လုံး၊ 315 KVA နှစ်လုံး၊ 11 Kv ဓာတ်အားလိုင်း စုစုပေါင်း ၅ ဒသမ ၆၃ မိုင်တို့အား တိုင်ကျင်းတူးခြင်း၊ တိုင်ထူခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းကျော် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း ကူမဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ(အင်/ယာ) ဒေါ်အိမာဝင်းက ပြောသည်။
ကူမဲမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၉ ရွာရှိပြီး ၎င်းကျေးရွာများအနက် ကျေးရွာပေါင်း ၁၀၉ ရွာ၌ လျှပ်စစ်မီးများ ရရှိနေပြီး ယခုကျေးရွာ ၄ ရွာကို လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပြီးစီးပါက မီးလင်းရန် ကျန်ရှိနေသည့် ကျေးရွာ ၆ ရွာအား NEP Phase- 2 ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


