ကဝ အောက်တိုဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သပြုစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း၌ ဒယ်အိုးအမျိုးမျိုး၊ စက်လှေပန်ကာအမျိုးမျိုး၊ ငရုတ်ဆုံနှင့် ဆိုင်ကယ်အပိုပစ္စည်း အမျိုးမျိုး သတ္တုအရည်ကျိုပုံလောင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သပြုစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သတ္တုအရည်ကျိုပုံလောင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းသုံးပါဝါမီတာရရှိရေး၊ စက်ရုံများအတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး၊ လိုအပ်ပါက ထရန် စဖော်မာတပ်ဆင်နိုင်ရေး၊  ဆိုလာစနစ်ဖြင့် ရေချိုတွင်းနက် တူးဖော်ပေးနိုင်ရေး၊ ကုန်ကြမ်းများရရှိရေးနှင့် ကျေးရွာအနီး  MSME လုပ်ငန်းများအတွက် သီးခြားမြေနေရာ သတ်မှတ်ပေးနိုင်ရေးတို့အား သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် သပြုစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပျက်စီးနေသည့် စာသင်ဆောင် အဟောင်းများ ပြန်လည်ပြင်ဆင်ပေးနိုင်ရေး စစ်ဆေးကာ ကလေးကစားကွင်းတစ်ခု၊ အားကစားပစ္စည်းများနှင့် သီးခြားထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စဉ်ဆက်မပြတ် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ကဝမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်၍ (၂၅)ခုတင်ဆံ့ နှစ်ထပ်ဆေးရုံကြီး တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံခြံစည်းရိုး ကာရံနိုင်ရေးနှင့် ဆေးရုံရှေ့ မြေဖို့၍  Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

တင်စိုး(ပဲခူး)