ကယားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှု

ရာမည

 

ရှေးယခင်က ကယားတိုင်းရင်းသားများသည် အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးသီးနှံပင်များအပြင် အဝတ်ထုတ်လုပ်နိုင်ရန်အတွက် ဝါဂွမ်းပင်များကိုလည်း စိုက်ပျိုးကြသည်။ ယခင် ဝါခင်းများသည် ယနေ့အချိန်အခါတွင် တောင်ယာခင်းများကဲ့သို့ပင် စိုက်ပျိုးလေ့ရှိကြသည်။ ဝါများကို ဇူလိုင်လတွင် စိုက်ပျိုးလေ့ရှိပြီး နိုဝင်ဘာတွင် ဝါဂွမ်းခူးခြွေကာ နောက်တစ်လကြာအောင် နေပူလှန်းရသေးသည်။ ယင်းမှတစ်ဖန် ဝါစေ့ထုတ်ကိရိယာဖြင့် ထုတ်ယူကာ ချည်ဖြစ်ပေါ်လာစေရန် ချည်ငင်ကိရိယာဖြင့် ပြုလုပ်ရသည်။

 

ထိုသို့ရရှိလာသောချည်များအား ခိုင်ခံ့စေရန်အတွက် သုံးနာရီခန့်ကြာအောင် ရေဖြင့် ပြုတ်ပေးရသည်။ အရောင်များရရှိစေရန်အတွက် နနွင်း၊ သစ်ရွက်တို့နှင့် ရောကျိုပေးရသည်။ ထို့နောက် ပြုတ်ထားသောချည်များကို ထပ်မံနေပူလှန်းရသည်။ ချည်၏ မူလအရောင်မှာ အဖြူရောင်ဖြစ်ပြီး ယင်းကို ကယားအမျိုးသမီးများက ဂျပ်ခုတ်နည်းဖြင့် ကယားစောင်အဖြစ် ရက်လုပ်ကြသည်။ နောက်ပိုင်းကာလများတွင် နိုင်ငံရပ်ခြားမှလာသော ရောင်စုံချည်များဖြင့် လွယ်အိတ်၊ လုံချည်၊ တဘက် စသည်ဖြင့် ဂျပ်ခုတ်၍သော်လည်းကောင်း၊ စက်ဖြင့် ရက်လုပ်၍သော်လည်းကောင်း ထုတ်လုပ်အသုံးပြုဝတ်ဆင်ကြသည်။ ကယားတိုင်းရင်းသားများသည် ဝတ်စားဆင်ယင်မှုအတွက် ရှေးယခင်က ဝါကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်၍ ချည်ငင်ပြီး ကိုယ်တိုင်ဂျပ်ခုတ်ရက်လုပ်ကာ ဝတ်ဆင်ခဲ့ကြသည်ဟု သိရသည်။

 

 

ရှေးအခါက ကယားအမျိုးသားများသည် အနီရောင်ဘောင်းဘီတိုနှင့် ရှေ့နောက်ရင်ကွဲအင်္ကျီကို ဝတ်ဆင်ကြသည်။ ဆံပင်အရှည်ထား၍ သျှောင်ထုံးကြသည်။ သို့သော် ယနေ့ခေတ်တွင် အနီရောင် သို့မဟုတ် ပန်းရောင်ခေါင်းပေါင်းများ ပေါင်းကြပြီး ခါးတွင် အနီရောင် သို့မဟုတ် ပန်းရောင်ခါးစည်ကို စည်းထားလေ့ရှိကြသည်။ အနက်ရောင် ဘောင်းဘီရှည်အပွနှင့် အဖြူရောင်ရှပ်အင်္ကျီ လက်ရှည်ပေါ်တွင် တိုက်ပုံအင်္ကျီကို ထပ်၍ ဝတ်ဆင်ကြသည်။ လွိုင်ကော်မြို့ပေါ်ရှိ ကယားအမျိုးသားများသည် များသောအားဖြင့် မြန်မာအမျိုးသားများကဲ့သို့ အရောင်မျိုးစုံ လုံချည်နှင့် ရှမ်းအင်္ကျီများကို မိမိတို့ ကြိုက်နှစ်သက်သလို ဝတ်ဆင်လေ့ရှိကြသည်။

 

ကယားအမျိုးသမီးများသည် ယခင်က ဆံထုံးထုံး၍ အနီရောင်ပဝါကို ပေါင်းလေ့ရှိကြသည်။ အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည်ကို အနားစွန်းနှစ်ဖက်ကို ပခုံးပေါ်တွင် လွှမ်းခြုံထားကြသည်။ အနက်ရောင် သို့မဟုတ် အနီရောင်ထဘီတိုကိုဝတ်၍ ခြေသလုံးတွင် သစ်စေးသုတ်ထားသော ချည်ကွင်းများ စွပ်ထားလေ့ရှိကြသည်။ နားတွင် ငွေနားဆွဲချွန်များဆွဲကြပြီး ငွေလက်ကောက်နှင့် ငွေလက်စွပ်များ ဝတ်ဆင်ကြသည်။ ကြိုးဖြင့်သီထားသော ငွေဒင်္ဂါးများကို လည်တွင်ဆွဲပြီး ခါးတွင် ပယင်းပုတီးနှင့် သန္တာပုတီးများကိုလည်း ဝတ်ဆင်လေ့ရှိကြသည်။

 

ယနေ့ခေတ်တွင် ကယားအမျိုးသမီးများသည် ကန့်လန့်စင်းအဆင့်လုံချည်ကို အရောင်အမျိုးမျိုး ရက်လုပ်ဝတ်ဆင်လာကြသည်ကို တွေ့ရသည်။ ထဘီအရောင်နှင့် လိုက်ဖက်မှုရှိသည့် အင်္ကျီ၊ ခါးစည်းနှင့် ခြုံထည်များကို ဘော်ကြယ်များဖြင့် အလှဆင် တီထွင်ချုပ်လုပ်ဝတ်ဆင်ကြသည်။