နေပြည်တော် ၁၀ ဇွန်
ကယားပြည်နယ်၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၁၉) ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကယားပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင်များအနေဖြင့် ခရီးသွားလုပ်ငန်း တိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားကော်မတီ အတွင်းရေးမှူးမှ ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာနိုင်ငံခရီးသွားဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN