နေပြည်တော် ၁၃ စက်တင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ တွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်းက “ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတွင် ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားပေးရန်နှင့် တိုင်းရင်းဆေးရုံ အဆောက်အအုံအား ပြင်ဆင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က “ကယားပြည်နယ်၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ လွိုင်ကော်မြို့တွင် ဆေးရုံအုပ် (၁)ဦး၊ ဒုတိယဆေးရုံအုပ် (၁)ဦး၊ တိုင်းရင်းဆေးမှူး(၆)ဦး၊ ဒုတိယတိုင်းရင်းဆေးမှူး(၈)ဦး၊ လက်ထောက် တိုင်းရင်းဆေးမှူး(၉)ဦး၊ အကြီးတန်းစာရေး(၁)ဦး၊ အထက်တန်းသူနာပြု(၁)ဦး၊ အငယ်တန်း စာရေး(၁)၊ လုပ်သားလူနာခန်း(၁)ဦး စုစုပေါင်း (၂၉)ဦး ခန့်ထားပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် ၁၆ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ရေတာရှည်မှ အထက်တန်းသူနာပြု (၁)ဦးကိုလည်း လွိုင်ကော် တိုင်းရင်းဆေးရုံမှာ တွဲဖက်ထားပေးထားပါကြောင်း၊ ဆေးရုံအတွက်လိုအပ်သော ရုံးအကူ၊ သန့်ရှင်းရေးအကူ၊ လုပ်သား၊ လုံခြုံရေးတို့အတွက် ပြင်ပလုပ်သား(၁)ဦးကို ငှားရမ်းသုံးစွဲခွင့် ပြုခဲ့ရာ (၄.၇.၂၀၁၉)ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း၊ နောက်ထပ် ပြင်ပလုပ်သား (၂)ဦးကို ထပ်မံသုံးစွဲခွင့်ပြုခဲ့ရာ (၇.၉.၂၀၁၉)ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်နေပြီဖြစ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦရှိ Wheel Chair လှေကား အတက်အဆင်း မတ်စောက်နေခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ကုန်ကျစရိတ်များကို (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆောက်အဦပြင်ဆင်ထိန်းသိမ်းရေးကြီးကြပ်ကော်မတီ၏ (၁၅.၈.၂၀၁၉)ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျွမ်းကျင်အဖွဲ့နှင့်ချိတ်ဆက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးလှူဒါန်းငွေမှာ တံခါး (၃)ပေါက် တပ်ဆင်ခြင်း ခန့်မှန်းကုန်ကျငွေကျပ် ၅၃၃၇၅၀ ဖြင့် (၃.၉.၂၀၁၉)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ မိလ္လာသွယ်တန်းခြင်းလုပ်ငန်းကို ခန့်မှန်းကုန်ကျငွေ (၁၇)သိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး (၂၀.၉.၂၀၁၉)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ပါကြောင်း။
လွိုင်ကော်တိုင်းရင်းဆေးရုံသည် ပြည်သူများအတွက် အားထားရသည့်ဆေးရုံဖြစ်ပါကြောင်း၊ (၂၀၁၇-၂၀၁၈)ခုနှစ် ဧပြီလမှ မတ်လအထိ စုစုပေါင်းလူနာ (၈၃၈၈)ဦးရှိခဲ့ပြီး (၂၀၁၈) ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စုစုပေါင်းလူနာ (၄၅၆၂)ဦး၊ ၂၀၁၈ မှ ၂၀၁၉ အထိ စုစုပေါင်းလူနာ (၇၄၉၅)ဦးကို အတွင်းလူနာ အပြင်လူနာနှင့် ကွင်းဆင်းကုသပေးသည့် လူနာများဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှလည်း ကွင်းဆင်းကုသရေးလုပ်ငန်းများနှင့် အထွေထွေလုပ်ငန်း ကိစ္စများဆောင်ရွက်ရန် ကျပ်သိန်း(၁၀ဝ)တန်ဖိုးရှိ Hijet အမျိုးအစား မော်တော်ယာဉ်ကို (၆.၉.၂၀၁၉)ရက်နေ့တွင် တိုင်းရင်းဆေးရုံသို့ ပေးအပ်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
MDN


