နေပြည်တော် ဇန်နဝါရီ ၂၁       

 

KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်းအစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အဦများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင် ခဲ့ကြသည့်အပြင် စစ်ရေးနှင့် သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ပညာရေးဆိုင်ရာ အဆောက် အဦများဖျက်ဆီးခြင်း၊ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံအတွက်အရေးကြီးသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ် ရယူပစ်ခတ်တိုက်ခိုက်ခြင်း စသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီး စေလိုသည့်၊ အသိဉာဏ်ကင်းမဲ့သည့် လူမဆန်သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။

 

ယခုအခါ ကယားပြည်နယ် လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသခံများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည် ဖွင့်လှစ်သင်ကြား နိုင်ရေးအထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်း ကျန်းသူများ ဖျက်ဆီးမှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးတို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ပညာရေးကို ကမ္ဘာ့လူမှု အသိုင်းအဝိုင်းက မည်မျှအလေးထားသည်ကို ကြည့်မည်ဆိုပါက စာသင်ကျောင်းများကို စစ်ရေးဆိုင်ရာအဖြစ် အသုံးပြုခြင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို တားမြစ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အမှတ်၊ ၂၆၀၁ (၂၀၂၁)ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြ ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ထဲတွင် ပါဝင်သည့် အဓိကအချက်များအနေဖြင့် ကလေးများ၊ ကျောင်းများနှင့် ဆရာများကို မတိုက်ခိုက်ရန်၊ လက်နက်ကိုင်ပဋိပက္ခအတွင်းတွင် ပညာသင်ကြားခွင့်ကို အကာအကွယ်ပေးရန်၊ ကျောင်းများသည် ပညာရေးအတွက် လုံခြုံစိတ်ချရသည့် နေရာဖြစ်ရန်၊ ကျောင်းများသည် အရပ်ဘက်စရိုက်လက္ခဏာရှိ သည်ဖြစ်၍ လေးစားကာကွယ်ရန်၊ လက်နက်ကိုင်ပဋိပက္ခဖြစ်နေပါကလည်း ပညာသင်ကြားခွင့်ကို လွယ်ကူချောမွေ့စွာ ဆက်လက်ရရှိရန်ဆိုသည့် အချက်များပင်ဖြစ်ကြောင်း။

 

ကမ္ဘာ့နိုင်ငံအများစုက ထောက်ခံအတည်ပြုထား သည့် လုံခြုံစိတ်ချသည့် ကျောင်းများဆိုင်ရာကြေညာ ချက် (The Safe Schools Declaration) တွင်လည်း လက်နက်ကိုင်ပဋိပက္ခ၏ အဆိုးရွားဆုံးသက်ရောက် မှုများကနေ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းများနှင့် တက္ကသိုလ်များကို ကာကွယ်ရန် အကြမ်းဖက်မှု သို့မဟုတ် တိုက်ခိုက်မှုများကို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ ပညာသင်ကြား ခွင့်ရရှိရန်၊ ဆရာ ဆရာမ၊ ပါမောက္ခနှင့်ကျောင်းအုပ်ချုပ် သူတိုင်းသည် ဘေးကင်းရေး၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ အခြေအနေများတွင် သင်ကြားသုတေသနပြုနိုင်ရန်၊ တက္ကသိုလ်တိုင်းသည် ကျောင်းသားများနှင့် ပညာရှင်များအတွက် လုံခြုံသည့်နေရာဖြစ်ရန် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာရပ်များကို အဆင်ပြေပြေသင်ယူ လေ့လာနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီတွင် အနည်းဆုံးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ထားရှိကြောင်း၊ ကယား ပြည်နယ်တွင်လည်း လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့ကို ပြည်နယ်မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ထားရှိခဲ့ကြောင်း၊ လွိုင်ကော်မြို့၏ ပညာကျက်သရေဆောင် လွိုင်ကော်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်ဆိုင်ရာ ရိုးရိုးဘွဲ့သင်တန်းများအပြင် မဟာဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ပြည်နယ်၊ ပြည်မမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ လာရောက်သင်ကြား ပို့ချ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ နေ့သင်တန်းနှင့် အဝေးသင်သင်တန်းကျောင်းသား ကျောင်းသူ များစွာ အဆင့်မြင့်ပညာဆည်းပူးခဲ့ကြသည့် တက္ကသိုလ်တစ်ခုလည်းဖြစ်ကြောင်း။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကယား ပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို မိုက်မိုက်မဲမဲ မဆင်မခြင်လက်နက်ကြီး လက်နက်ငယ်များနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် လုံခြုံရေးတာဝန်ထမ်းဆောင်နေ သည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် တက္ကသိုလ်၏ ပညာရေးဆိုင်ရာအဆောက်အဦများကို အဆင်ခြင်ကင်းမဲ့စွာ ဖျက်ဆီး ခဲ့ကြကြောင်း၊ အဆိုပါတက္ကသိုလ်ကြီးတွင် တာဝန်ထမ်းဆောင်နေ သည့် ပါမောက္ခချုပ်အပါအဝင် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်း ၁၃၂ ဦးနှင့်အတူ မှီခိုသူ မိသားစုဝင် ၆၄ ဦး စုစုပေါင်း ၁၉၆ ဦးနှင့် ကျောင်းသားများ အသုတ်လိုက် အတင်းအဓမ္မဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်တွင် ဆရာ ဆရာမများ အနေဖြင့် နီးစပ်ရာ စာသင်ခန်းများ၊ နေအိမ်များတွင် ကြောက်လန့်တကြား ပုန်းအောင်းနေထိုင်ခဲ့ကြရကြောင်း။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာ မရရှိစေရေး၊ ဘေးကင်းလုံခြုံစေရေးကို အဓိကထား ဆောင်ရွက်ခဲ့သည့်အပြင် ကယားပြည်နယ်၏ အဆင့်မြင့်ပညာ သင်ကြားရာ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ဆောင်များကို တန်ဖိုးထားပြီး ထိန်းထိန်း သိမ်းသိမ်း တုံ့ပြန်ခဲ့ကြကြောင်း၊ သို့သော် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် နိုင်ငံအတွက် တန်ဖိုးထားအပ်သော အရပ်ဘက်ပညာရေးဆိုင်ရာ အဆောက်အဦများကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်ရာနေရာသို့ ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ပြီး လူသား တံတိုင်းအဖြစ် အသုံးချခဲ့ခြင်းများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း။

 

လက်နက်ဟူ၍ အပ်တိုတစ်ချောင်းတောင်မရှိသည့် မြေဖြူသာရှိသော အပြစ်မဲ့ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့အနာဂတ်အတွက် အားကိုးအားထားပြုရမည့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော် ၏ အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးသည့် စဉ်းစားဉာဏ်ကင်းမဲ့သော လူမဆန်သည့် လက်နက်အားကိုး အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ဖြေဆိုရမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲကိုလည်း ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လွိုင်ကော်တက္ကသိုလ်ကြီးကို ပိတ်ခဲ့ရသည်မှာ ယနေ့အထိ ပင်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကို သိရှိကြသည့် ကမ္ဘာ့ပညာတတ် အသိုင်း အဝိုင်းအနေဖြင့် ရင်ထုမနာ စိတ်မကောင်းဖြစ် နေကြမည်မှာ အသေအချာပင်ဖြစ်ကြောင်း။

 

ယခုအခါ လွိုင်ကော်မြို့၏အခြေအနေမှာ တည်ငြိမ်မှုရှိနေပြီဖြစ်သည့်အတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့ကို ပြန်လည်ဖွင့်လှစ်ပေးပြီး ဒေသခံ ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူမှုအခွင့်အရေးမဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း။

 

ဝိဇ္ဇာသိပ္ပံဘာသာရပ်များကို သင်ယူဆည်းပူးနိုင်သည့် နေ့သင်တန်းနှင့် အဝေးသင်တက္ကသိုလ် သင်တန်းများတက်ရောက် ရန် အခက်အခဲကြုံတွေ့နေသည့် ကျောင်းသား ကျောင်းသူ ထောင်ပေါင်းများစွာအတွက် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရေးကို ယနေ့အစည်းအဝေးက ညှိနှိုင်းဆွေးနွေးပေးကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနက လွိုင်ကော်တက္ကသိုလ် ပျက်စီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြန်လည်ပြုပြင်နိုင်မည့်အခြေအနေနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်တင်ပြရန်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လွိုင်ကော် တက္ကသိုလ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ပြန်လည်ပြုပြင်နိုင်ရန် ရန်ပုံငွေထုတ်ယူသုံးစွဲနိုင်မှု အခြေအနေကို ရှင်းလင်းဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ နယ်မြေ လုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စများကို ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး ပံ့ပိုးပေးရန် မှာကြား လိုကြောင်း။

 

နိုင်ငံတော်၏ အနာဂတ်ကို ပညာနှင့်သာ တည်ဆောက်ရမည်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များ မွေးထုတ် နိုင်ရန်၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာရပ်များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာ နိုင်ရန် လွိုင်ကော်တက္ကသိုလ်ကို မဖြစ်မနေ ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားကြရ မည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်တွင် အားထားရမည့် ကျောင်းသားလူငယ် များအတွက် လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေးကို စိတ်စေတနာအပြည့်နှင့် အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်တက္ကသိုလ်၏ သုံးထပ်ပင်မဆောင်၊ နှစ်ထပ်ဘွဲ့နှင်းသဘင်ခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ ရေသန့် စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ နှစ်ထပ် ဆရာ၊ ဆရာမများဆောင်၊ အရာရှိအိမ်ရာ၊ လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာများ၊ လေးခန်းတွဲ လေးထပ်၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ် များ၊ နှစ်ထပ် ကျောင်းသား ကျောင်းသူဆောင်များ၊ အားကစားရုံနှင့် အားကစားခန်းမ၊ နှစ်ထပ် စာကြည့်တိုက်များ၊ နှစ်ထပ် ကျောင်းသား ကျောင်းသူ နားနေဆောင် ပျက်စီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးကိစ္စရပ်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဥပဒေနှင့်အညီ ထုတ်ယူသုံးစွဲ နိုင်မည့် အခြေအနေများကို လည်းကောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အကြမ်းဖက် သောင်းကျန်း သူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်တက္ကသိုလ်ပျက်စီးမှုနှင့် ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေ၊ လက်ရှိနယ်မြေဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရာတွင် ပြုပြင်ရေးလုပ်ငန်းများနှင့် အတူ စီမံအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားမည့်အခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာပိုင်း ဆိုင်ရာ၊ အရည်အသွေး၊ စံချိန်စံညွှန်း ပိုင်းဆိုင်ရာ ပြည့်မီစေရေး ပံ့ပိုးဆောင်ရွက်သွားမည့်အခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက လွိုင်ကော်တက္ကသိုလ် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းသက်သာစွာရရှိရေးနှင့် သယ်ယူ ပို့ဆောင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ဘေးသင့်ခဲ့ရမှုများသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုသည့် သတ်မှတ်ချက်အတွင်း အကျုံးဝင်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားပါကြောင်း၊ အမျိုးသားသဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင်လည်း လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် တက္ကသိုလ်၏လိုအပ်ချက်များ ကိုက်ညီရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ အနေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း များ စနစ်တကျ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍရပ်တစ်ခုအနေဖြင့် အရေးပါသည့်လွိုင်ကော်တက္ကသိုလ် ပြုပြင်တည်ဆောက်ရေးလုပ်ငန်း များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်