လွိုင်ကော် ၂၁ ဧပြီ
ကယားပြည်နယ်၌ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကယားပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြည်နယ်အတွင်း ကျန်ရှိသည့် အမှုတွဲများကို အမြန်ဆုံးဖော်ဆောင်နိုင်ရန် ပြည်နယ်အဆင့်၏ သဘောထားမှတ်ချက်များ ချမှတ်နိုင်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အမှုတွဲများနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် မူတည်ပြီး အချိန်မီ ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်၏ မူဝါဒများနှင့် ညီ/မညီ၊ မြို့နယ်/ ခရိုင် ကော်မတီများ၏ တင်ပြချက်များအပေါ်တွင်လည်း သုံးသပ်ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ မြို့နယ်/ခရိုင် ကော်မတီများ၏ စိစစ်သုံးသပ်ချက်များကို ပြန်လည်စိစစ် ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက ပြည်နယ်ကော်မတီမှ သဘောထား မှတ်ချက်များကို လိုအပ်သလို ထပ်မံချမှတ်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ယင်းအတွက် အကောင်းဆုံးဖြစ်ရေး၊ မှန်ကန်ပြီး သာတူညီမျှဖြစ်စေရေးအတွက် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တင်ပြချက်ပေါ်မတည်၍ ဗဟိုကော်မတီမှ ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ်ရာ အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးက ပြည်နယ်အတွင်း ကျန်ရှိသည့် အမှုတွဲ (၃)တွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အမှုတွဲ(၃)တွဲအနက် အမှုတွဲ(၂)တွဲမှာ ပိတ်သိမ်းရန် တင်ပြထားပြီးဖြစ်ကြောင်းနှင့် ကျန်အမှုတွဲ(၁)တွဲမှာ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အမှုတွဲများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များမှ စိစစ်ဆဲအမှုတွဲများ စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။
အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရ မှုများ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလေး (ပြန်/ဆက်)