လွိုင်ကော် ဖေဖော်ဝါရီ ၂၀

 

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးနှင့် လုမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဘေးအန္တရာယ် ကျရောက်မှုများသည် နှစ်စဉ်တိုးပွားလျက်ရှိသည်ကို မြင်တွေ့နေရသဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကို စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အသီးသီးရှိတာဝန်ရှိသူများက ရုတ်တရက် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်စဉ်များတွင် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် စနစ်တကျနှင့် အလျင်အမြန် ရင်ဆိုင်တုံ့ပြန်နိုင်သည့် လုပ်ငန်းစဉ်များကို သိရှိနားလည် ဆောင်ရွက်တတ်ရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကျရာဒေသများ တွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ဆန်းစစ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ 

 

အဆိုပါသင်တန်းကို လွိုင်ကော်မြို့နယ်ရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း ၄၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ  ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)